Skip to main content

နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၅

နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပူးပေါင်းဆောင်ရွက်

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လမ်းအသုံးပြုသူများကို လေ့ကျင့်ပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ခိုင်ခိုင်မာမာပြဋ္ဌာန်းခြင်း၊ စည်းကမ်းလိုက်နာရေး ဆောင်ရွက်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လမ်းညွှန်း၊ လမ်းအမှတ်အသားများ၊ အချက်ပြများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (NRSC) မှ ချမှတ်ထားသည့် Quick Win လုပ်ငန်းအစီအမံ (၅) ရပ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြသည်။

သတင်းစဉ်