Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဟိုင်းကြီးကျွန်းမြို့အဝင် ရေလမ်းကောင်းမွန်ရေး သောင်တူးလုပ်ငန်းဆောင်ရွက်နေမှုနှင့် နုန်းတားကျောက်စီလှိုင်းကာ တည်ဆောက်နေမှုလုပ်ငန်းများ သွားရောက်စစ်ဆေး

နေပြည်တော် မတ် ၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်၊ တာဝန်ရှိသူများနှင့်အတူ မတ် ၃ ရက်က ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့သို့ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဟိုင်းကြီးကျွန်းမြို့အဝင်ရေလမ်း အလျား ၇၄၅ မီတာ၊ ပျမ်းမျှအကျယ် ၁၂၀ မီတာနှင့်အနက် ရေစစ်မျဉ်းအောက် ၇ မီတာ စုစုပေါင်း ၃၉၈၉၂၀ ကုဗမီတာ သောင်တူးဖော်ခြင်းလုပ်ငန်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နုန်းတားကျောက်စီလှိုင်းကာ အလျားပေ ၅၀၀ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကလုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက သောင်တူးသင်္ဘောကြီးဖြင့် ဟိုင်းကြီးကျွန်းမြို့အဝင်ရေလမ်း သောင်တူးဖော်နေမှုသည် ဒေသခံပြည်သူများအတွက် ရေလမ်းကုန်စည်ပို့ဆောင်မှု လုံခြုံချောမွေ့ရုံသာမက ရေယာဉ်ကြီးများ ၂၄ နာရီဝင်ထွက်နိုင်သဖြင့် များစွာအကျိုးရှိသော လုပ်ငန်းဖြစ်ကြောင်း၊ သောင်တူးဖော်ရာတွင် သတ်မှတ်တူးလိုင်း အကျယ်၊ အနက်ရရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်နှင့် သောင်တူးသင်္ဘောကြီးများသည် တန်ဖိုးကြီးမားသည့်အတွက် ကိုင်တွယ်မောင်းနှင်သူများအနေဖြင့် သတ်မှတ်ထားသော Procedure များနှင့်အညီ စနစ်တကျ ထိန်းသိမ်းကိုင်တွယ် မောင်းနှင်ရန်လိုကြောင်း၊ မီးဘေးအန္တရာယ်မဖြစ်စေရေး သင်္ဘောသားတိုင်း အထူးအလေးထားဂရုပြုရန်၊ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ဝန်ထမ်းများ ခါးဆက်မပြတ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က စီမံဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ပြီး စေတီတော်ရင်ပြင်တော်တိုးချဲ့ခြင်းအတွက် အလှူတော်ငွေများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ကိုယ်စား ဘုရားဂေါပကနှင့် တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်