နေပြည်တော် မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရှိ သခွတ်ခုံကျေးရွာ၊ ရွာမကျေးရွာ၊ ပေကုန်းကျေးရွာ၊ ကျောက်တန်းကျေးရွာနှင့် ငါးကြီးအိုင်ကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် အရပ်သား ၃ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပြီး KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ကောလင်းမြို့တွင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် ကောလင်းမြို့တွင်း၌ မိုင်းရှင်းလင်းခြင်းလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းများကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များမီးလောင်ပျက်စီးခဲ့ရကြောင်းနှင့် ပြည်သူအချို့ထိခိုက်သေဆုံးခဲ့ရကြောင်း သိရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းမှားများဖြင့် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။