Skip to main content

တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ကျောက်စိမ်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် လျှပ်စစ်ပစ္စည်း Tapper Rod ၆၄၈ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းသုံးမျိုး စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၀၇၄၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ် ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ဒဂုံမြို့နယ် (၂၄)ရပ်ကွက် စည်ပင်လမ်းနှင့်ကန်သာယာလမ်းထောင့်ရှိ ဂိုဒေါင်နှင့် Samanea Market ရှိ အခန်း ၁၁ ခန်းတို့၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Vivo ၊ Oppo ၊ Mi ဖုန်းအားသွင်းကြိုး ၂၁၅၀၀၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၁၉၀၀၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကားအပိုပစ္စည်း Izumi, HM Piston အခု ၁၀၀၀ အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၆၉၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၈၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၅၅၉၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် မတ် ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှမူဆယ်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟုယူဆရသော ကျောက်လက်ကောက်ကွင်း အကြမ်းဆိုဒ်စုံ ၉၁၆ကီလိုဂရမ်၊ Mond စီးကရက်အတောင့် ၂၀၀ ၊ ဆိတ်ဝမ်းတွင်း ကလီစာ ကီလိုဂရမ် ၉၆၀ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၈၃၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် King Long Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၈၃၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ် ၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်လမြိုင်မြို့မှ ပြည်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဂျပန်နိုင်ငံထုတ် ရေခဲသေတ္တာ (Used) ၁၁ လုံးအပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကို လည်းကောင်း၊ ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် ဝင်းနေမိတ္တာရုံဘုန်းကြီးကျောင်းအနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Balloon ချိုချဉ်ထုပ် ၄၅၀ ၊ Yacht ပေါင်မုန့် ဖတ် ဂရမ် ၁၀၀၀ ပါ အိတ် ၄၀ အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၅၅၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Nissan Caravan တစ်စီးနှင့် Toyota Hiace တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၇၇၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၁ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂၁၁၀၄၄၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်