နေပြည်တော် မတ် ၃
အထူးကုသမှုများ (Super Speciality) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ ရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ပင် လက်လှမ်းမီရရှိခြင်းဖြင့် ပြည်သူများစိုက်ထုတ် ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်နှင့် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိခြင်းဖြင့် သက်ရှည်ကျန်းမာစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းကုသမှု အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ် မတ် ၂ ရက်နှင့် ၃ ရက်တို့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံသစ်ကြီး၊ ကလေးဆေးရုံကြီး-ရန်ကုန်၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်နှင့် မျက်စိရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့သို့ ဒုတိယအကြိမ်သွားရောက်၍ ပြည်သူ့ဆေးရုံကြီး ဟင်္သာတမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။
အဆိုပါအထူးကုဆေးကုသရေးအစီအစဉ်တွင် ဟင်္သာတမြို့သာမက ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်နှစ်မြို့နယ်တို့မှ မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများ လာရောက်ပြသပြီး နှလုံးရောဂါဆိုင်ရာလူနာ ၆၉ ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာလူနာ ၄၇ ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ ၂၀၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလူနာ ၆၁ ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာလူနာ ၈၃ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ ၄၆ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ ၁၃ ဦး၊ အထွေထွေရောဂါဆေးပညာလူနာ ၁၃၂ ဦး၊ အထွေထွေခွဲစိတ်ရောဂါလူနာ ၅၄ ဦး၊ ကလေးရောဂါ လူနာ ၈၈ ဦး၊ ကလေးကျောက်ကပ်ရောဂါဆိုင်ရာလူနာ ၁၁ ဦး၊ မျက်စိရောဂါလူနာ ၃၄၇ ဦး၊ အရိုးရောဂါလူနာ ၉၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ ၄၄ ဦး၊ သားဖွားမီးယပ်ရောဂါလူနာ ၅၁ ဦး၊ သွားနှင့် ခံတွင်းလူနာ ၅၅ ဦး၊ ကင်ဆာရောဂါဆိုင်ရာလူနာ ခုနစ်ဦး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးရောဂါ ဆိုင်ရာလူနာ ၅၉ ဦး စုစုပေါင်း လူနာ ၁၂၈၄ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။
အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography) ၃၅ ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS) ခုနစ်ဦး၊ အစာအိမ်သွေးကြောထုံးကုသခြင်း (Rubber band ligation) တစ်ဦး၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့်စစ်ဆေးခြင်း (CT scan) ၁၄ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၇၄ ဦး၊ ဓာတ်ခွဲစမ်းသပ်သူ ၉၆ ဦး၊ သွေးချိုဓာတ်(HbA1C) တိုင်းတာခြင်း ၂၇ ဦး၊ Ultrasound ရိုက်ကူးခြင်း ၅၀၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) ၇၆ ဦး စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး မျက်စိခွဲစိတ်ကုသမှု ၄၁ ဦးနှင့် အထွေထွေခွဲစိတ်ကုသမှု ၁၈ ဦးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် အထွေထွေခွဲစိတ်ရောဂါလူနာကိုးဦး၊ နှလုံးရောဂါဆိုင်ရာလူနာတစ်ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာတစ်ဦးနှင့် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ တစ်ဦးတို့အား လိုအပ်သောစစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် မျက်စိအတွင်းတိမ် ခွဲစိတ်ကုသမှုကို ဖြည့်ဆည်းဆောင်ရွက်ရန်အတွက် စေလွှတ်ထားသည့် မျက်စိအထူးကုကွင်းဆင်းဆေးအဖွဲ့သည် မတ် ၁၁ ရက်အထိ ပြည်သူ့ဆေးရုံကြီး-ဟင်္သာတမြို့၌ မျက်စိရောဂါလူနာများ ကြည့်ရှုကုသခြင်းနှင့် မျက်စိခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါအစီအစဉ်နှင့်အတူ ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက်တစ်နှစ်မှ ငါးနှစ်အရွယ်ကလေးများကို အမီလိုက် (Catch-up) နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ၆၅ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့သည်။
ယမန်နေ့က ဟင်္သာတခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် အထူးကု ဆေးကုသရေးအစီအစဉ် ဆောင်ရွက်ရာနေရာသို့ လာရောက်ပြသကုသမှုခံယူကြသော လူနာများအား ကြည့်ရှုအားပေးခဲ့ပြီး ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများကို ကျေးဇူးတင်စကားပြောကြားကာ ဒေသထွက် အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super speciality) ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေး ခရီးစဉ်များကို ၂၀၂၄ ခုနှစ် နှစ်ဆန်းမှစတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မကွေးမြို့၊ မြိတ်မြို့၊ ညောင်ဦးမြို့၊ မြစ်ကြီးနားမြို့နှင့် ယခု ဟင်္သာတမြို့များသို့ သွားရောက်ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်