နေပြည်တော် မတ် ၃
ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ် စဉ် ၁/၂၀၂၄ သင်တန်းသားမှ အုပ်ချုပ်သူခုနစ်ဦး၊ သင်တန်းသား သင်တန်းသူ ၆၀ စုစုပေါင်း ၆၇ ဦး တို့သည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ် အဆင့်ဆင့် ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် ဘုရားဖူးလာဥပဒေရေးရာဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူများက ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။
ထို့ပြင် ဘုရားဖူးလာဥပဒေရေးရာဝန်ကြီးဌာနမှ သင်တန်းသားများက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ ဘုရားဖူးလာ ဥပဒေရေးရာဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင် တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် ဘုရားဖူးလာဥပဒေရေးရာဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပခဲ့သည့် မဟာမင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့သည့် ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယ ဆင်းတုတော်ကြီးအား အစိတ်အပိုင်းလေးပိုင်းခွဲ၍တည်ဆောက်ထားသော ဆင်းတုတော်ကြီး ပုံစံငယ်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးလက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီးတည်ထားပူဇော်မှု မှတ်တမ်းဓာတ်ပုံများ၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အဦ များကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုခဲ့ကြသည်။
အလားတူ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် ဘုရားဖူးလာဥပဒေရေးရာဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူ၏ ရင်တွင်းစကားသံများအား ယခု လို ကြားသိခဲ့ရသည်-
ယနေ့လာရောက်တဲ့ခရီးစဉ်ကတော့ ကျွန်တော်တို့ဌာနမှာ ဖွင့်လှစ်နေတဲ့ ဥပဒေအရာရှိအဆင့်- ၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင် သင်တန်း အမှတ်စဉ် ၁/၂၀၂၄ မှာ တက်ရောက်နေတဲ့ သင်တန်းသား ၃၀ ၊ သင်တန်းသူ ၃၀ စုစုပေါင်း ၆၀ ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖူးမြော်ကြည်ညိုဖို့ အတွက် လာရောက်ပို့ဆောင်တာပဲ ဖြစ်ပါတယ်။ ဒီလိုဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော် ကြည်ညိုနိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ်ရဲ့ ညွှန်ကြားချက်နဲ့အညီ နိုင်င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ခွင့်ပြုမိန့်တင်ပြခဲ့ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ လာရောက်ပို့ဆောင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သင်တန်းသား သင်တန်းသူ ဘုရားကြီးကို လာရောက်ဖူးမြော်ရတာ အစုအဖွဲ့နဲ့ဆိုရင် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အခုလိုမျိုး ထူးထူးခြားခြား တည်ထားကိုးကွယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုခွင့်ရတဲ့အတွက် ဌာနကိုယ်စားသော်လည်းကောင်း၊ သင်တန်းသား သင်တန်းသူများအတွက် သော်လည်းကောင်း အများကြီးဝမ်းမြောက်ဂုဏ်ယူပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်တဲ့ ရည်ရွယ်ချက် ၄ ရပ်နဲ့အညီ ကမ္ဘာတည်သရွေ့ ဗုဒ္ဓသာသနာတည်စေရေး ရေရှည်တည်တံ့ခိုင်မြဲပါစေလို့ဌာနကိုယ်စား ဆုမွန်ကောင်းတောင်း အပ်ပါတယ်။ ဗုဒ္ဓသာသနာရောင်ဝါနေသို့ ထွန်းလင်းပါစေလို့လည်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်။ ဘုရားကြီးကို တည်ထားကိုးကွယ်တဲ့ အလှူဒါယကာကြီးနဲ့တကွ အလှူရှင်များ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းလည်း ဌာနအနေနဲ့ ဆုတောင်း အပ်ပါတယ်။
ကျွန်မကတော့ ဌာနကနေပြီးတော့ လေ့လာရေးခရီးအနေနဲ့ မာရဝိဇယဘုရားကြီးကို ဖူးမြော် ရောက်ရှိနေတာဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးဟာ ကမ္ဘာပေါ်မှာအကြီးဆုံး ထိုင်တော်မူရုပ်ပွားတော်ကြီးဖြစ်ပါတယ်။ ကျွန်မတို့ ဘုရားကိုလည်း ဖူးမြော်ပြီးဖြစ်ပါတယ်။ ဘုရားထဲမှာရှိတဲ့ ကျောက်စာရုံတွေကိုလည်း သွားရောက်ဖူးမြော် လေ့လာမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မိဘပြည်သူများအားလုံးကိုလည်း လာရောက်ဖူးမြော်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။
ရှင်းလင်းဆောင်မှာ ရှင်းပြသွားတဲ့ မာရဝိဇယဘုရားတာဝန်ရှိသူများရဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး စတင်ထွင်းထုကတည်းက ပြောပြသွားတဲ့ အချက်တွေပေါ်မှာ ကျွန်မတို့ မသိသေးတာတွေ အများကြီးသိခဲ့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး ဌာနကစီစဉ်ပေးတဲ့ အဖွဲ့အစည်းတွေ အတူတူလာရောက်ဖူးမြော်ခွင့်ရတာ အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
သတင်းစဉ်