Skip to main content

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၉

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Hybrid Format ဖြင့် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ နေပြည်တော်ရှိ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များသင်းချုပ်မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌက ကလေးသူငယ်များကိုလုပ်ငန်းခွင်၌ ဆောလျင်စွာအသုံးချပါက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများဆုံးရှုံးနိုင်ပြီး တန်ဖိုးရှိသော လူငယ်လူရွယ်ဖြစ်မည်ကို အဟန့်အတားဖြစ်စေမည့်အပြင် ကလေးအလုပ်သမား အသုံးပြုခြင်းသည် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များကို ဆုံးရှုံးစေသောအကြောင်းအရင်း တစ်ခုပင်ဖြစ်ကြောင်း၊ ထို့ပြင် ကလေးသူငယ်များသည် စီးပွားရေးအရ အလုပ်အကိုင်များကိုလုပ်ကိုင် နေရပြီး ထိုလုပ်ကိုင်မှုအပေါ် နည်းမျိုးစုံဖြင့် အမြတ်ထုတ်ခံရခြင်း၊ အချိန်မတိုင်မီကျောင်းထွက်ရခြင်း၊ အန္တရာယ်ရှိသည့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်ရခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုဖြစ်ရပ်များမှ ကာကွယ်စောင့်ရှောက်ရန်အတွက် ကလေးအလုပ်သမားဆိုင်ရာ အခြေခံအသိပညာနှင့် ဗဟုသုတများပြန့်ပွားစေရန် အသိပညာပေးခြင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဥပဒေများပြင်ဆင်ပြဋ္ဌာန်းပေးရန်တင်ပြခြင်း၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဥပဒေရေးရာလုပ်ငန်းကော်မတီက လုပ်ကိုင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ကာလတိုငါးနှစ် လုပ်ငန်းစီမံချက် (၃)ကြိမ်ဖြင့် ကာလရှည် ၁၅ နှစ် လုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူပြီး တက်ရောက်လာကြသူများက တက်ညီလက်ညီ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ်လုပ်ငန်းကော်မတီ အစည်းအဝေးမှတ်တမ်းကို အတည်ပြုကြပြီး ဥပဒေရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်က ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်(၂၀၂၄-၂၀၂၈) ရေးဆွဲထားရှိမှုတို့ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများနှင့် အကြံပြုချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ဥပဒေရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူးက ဆဋ္ဌမအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ရန်အချက်(၅)ချက်ကို ရှင်းလင်းတင်ပြ၍ အတည်ပြုချက်ရယူကာ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်