Skip to main content

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်သမားဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်သမား ဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက် အမှာစကား ပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းတက်ရောက်ခဲ့သည့် စစ်ဆေးရေးအရာရှိများအနေဖြင့် စစ်ဆေးရေးသွားရောက်ရာတွင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များ၌ အလုပ်သမားရေးရာစံနှုန်းများ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စံနှုန်းသတ်မှတ်ချက်များ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးစည်းကြပ်၍ အလုပ်သမားများကို အကာအကွယ်ပေးရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများကို အသိပညာပေးခြင်း၊ နည်းစနစ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် ဥပဒေကြောင်းအရ အကြံဉာဏ်ပေးခြင်းတို့ ဆောင်ရွက်နိုင်ရန်နှင့် မိမိလုပ်ငန်းအပေါ် နိုင်ငံရေးအရဖြစ်စေ၊ ငွေကြေးအရဖြစ်စေ ပြင်ပမှ သြဇာ လွှမ်းမိုးမှုများကို မှီခိုနေရမှုမရှိဘဲ ဆောင်ရွက်ရန် လိုအပ်ကြောင်း။

ယခုသင်တန်းတက်ရောက်သည့် အရာထမ်းများသည် နောင်တစ်ချိန်တွင် ဌာနကိုဦးဆောင်ရမည့် သူများဖြစ်သည့်အတွက် သင်တန်းမှအလေ့အကျင့်ကောင်း၊ အတွေ့အကြုံကောင်းများကို နမူနာယူပြီး ပြန်လည်အသုံးချရန်လိုအပ်ကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်ကာလအခြေအနေနှင့်အညီ ရှိရင်းဥပဒေများမှ ပြည့်စုံမှုမရှိသေးသော ဥပဒေ၏ချို့ယွင်းချက်များ၊ ယိုပေါက်များကို အဆင့်ဆင့် သိရှိအောင်လေ့လာရမည့်အပြင် အသစ်ထွက်ရှိလာသည့် ဥပဒေများကို မိမိတို့အလုပ်သမားဥပဒေများနှင့် ဆက်နွှယ်မှု ရှိ၊ မရှိ မျက်ခြည်မပြတ်လေ့လာနေရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရသင်တန်းသား သင်တန်းသူများအား ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ထူးချွန်ဆုများနှင့် သင်တန်းတက်ရောက်ပြီးစီးမှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်