Skip to main content

မွေးမြူရေးအခြေခံ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) လုပ်ငန်းများ တိုးပွားလာရေး ကူညီအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း (မန္တလေး) ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဗက်တီးရီးယား ဌာနစိတ်၏ အစားအစာလုံခြုံရေး စစ်ဆေးသည့် 3M Petnfilm နည်းပညာအား ISO/IEC: 17025:2017 လက်မှတ်ရရှိရန် ဆောင်ရွက်နေမှုများ၊ တိရစ္ဆာန်ကူးစက်ရောဂါများ၊ တိရစ္ဆာန်မှလူသို့ကူးစက်နိုင်သော ရောဂါများနှင့်မွေးမြူရေး ထွက်ကုန်အစားအစာများဘေးအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အစားအစာဘေးကင်းစေရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး စဉ်ဆက်မပြတ်လေ့လာအားထုတ်ကြရန် လိုအပ်ချက်များ၊ မွေးမြူရေးအခြေခံ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) လုပ်ငန်းများ တိုးပွားလာရေး ကူညီအားပေးကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် ညောင်ပင်သာကျေးရွာရှိ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံ၏ နို့စားနွားမွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး နေ့စဉ်နို့ထွက်နှုန်းနှင့် ဈေးကွက်သို့တင်ပို့ရောင်းချမှု အခြေအနေများကို မေးမြန်းဆွေးနွေး၍ အစားအစာဘေးကင်း လုံခြုံရေး၊ သဘာဝအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းရေး၊ ဒေသတွင်း တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ချက်များကို ပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းရှင်များအား ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးအသုံးချ သုတေသနနှင့်မျိုးထိန်းမျိုးပွား (သဖန်းခြံ) သို့ရောက်ရှိစစ်ဆေးပြီး မွေးမြူရေး တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များပွားများ ဖြန့်ဖြူးခြင်းလုပ်ငန်း နှင့်အတူ အစာကျွေးမွေးမှုစနစ်၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ နည်းပညာနှင့် အသိပညာပေး လုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ မျိုးထိန်းမျိုးပွားမွေးမြူထားသော ဘိုဝါဆိတ်ခြံ၊ ထိန်စမ်းဆိတ်ခြံ၊ သိုးခြံများကိုလည်းကောင်း၊ တိရစ္ဆာန်အစာပင်များ စိုက်ပျိုးရေရှိရေးအတွက် မိုးရေစုကန် ပေါင်ဆင့် ခြင်းနှင့် ခြံစည်းရိုးကာခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်