Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ နိုင်ငံရေးရာဦးစီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနများမှ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းများ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ နိုင်ငံရေးရာဦးစီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနတို့မှ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

ပူးပေါင်းဆောင်ရွက်

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအကျိုးအတွက် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုနှင့် ကွပ်ကဲမှုသည် အရေးကြီးကြောင်း၊ စီမံခန့်ခွဲမှု ကောင်းမှသာ မူဝါဒချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မျှတမှု၊ မှန်ကန်မှုရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများ၊ လိုလားချက်များကို သိရှိရပါက ပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံတော်အပေါ် သစ္စာစောင့်ထိန်းရန်၊ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးပြုရန်၊ တစ်ပါးသူများကို ကူညီရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့်အညီ မှန်မှန်နှင့်မြန်မြန်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် လုပ်ငန်းခွင်တွင် ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်းဆောင်ရန်လည်း လိုအပ်ကြောင်း၊ အဓိကအနေဖြင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ၍ ပျော်ရွှင်စွာလုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ဝန်ထမ်းများက လိုအပ်ချက်များနှင့် အကြံပြုချက်များကို တင်ပြကြရာ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို တင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်