Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တောင်ငူတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများနှင့် တောင်ငူမြို့နယ်ရှိ ဒေသခံပြည်သူများအား ကိုယ်ရေးအချက်အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ရောက်ရှိရာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးနှင့် တာဝန်ရှိသူများက ခရိုင်အတွင်း နယ်မြေဒေသအခြေအနေ၊ မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့်စာရင်းများ စိစစ်အတည်ပြုဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်နှင့် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူရေးအတွက် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဝိုင်းဝန်းကူညီဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မဲစာရင်းမှန်ကန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့် အချက်အလက်များမှန်ကန်ရေးအတွက် ဆောင်ရွက်နေမှု၊ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးမှုနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူရေး လုပ်ငန်းဆောင်ရွက်နေမှုတို့သည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်ပြီး ဒေသအာဏာပိုင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး မှာကြားကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများသို့ သွားရောက်၍ ရုံးခန်းများ၊ ရုံးစာရွက်စာတမ်းများ၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေ၊ ဝန်ထမ်းများက ခရိုင်အတွင်းရှိ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ၊ နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုစာရင်းပါ အချက်အလက်များကို နေပြည်တော်ရုံးချုပ်မှ e-ID Sever အတွင်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ် ဖြည့်သွင်းပြင်ဆင် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူတက္ကသိုလ်ရှိ စာသင်ဆောင်များ၌ တောင်ငူမြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက တောင်ငူတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူခြင်းလုပ်ငန်းတို့ကို One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုပြီး ပြည်သူများအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေးနှင့် အချက်အလက်ကွဲလွဲမှုများရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပြင်ဆင်အတည်ပြု ဆောင်ရွက်ပေးရေး မှာကြားကာ လာရောက်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများအား e-ID စနစ်နှင့်ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။

e-ID စနစ်ဖြင့် Unique ID နံပါတ်များထုတ်ပေး

အဆိုပါအခမ်းအနားတွင် တောင်ငူတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူ များအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးခြင်း၊ e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်းဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားကတ်မရှိသေးသူနှင့် လဲလှယ်သူ ၆၂ ဦးကို နိုင်ငံသားကတ် ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ ၁၀၀ စုစုပေါင်း ၁၆၂ ဦးကို e-ID စနစ်ဖြင့် Unique ID နံပါတ်များ ထုတ်ပေးခဲ့သည်။

ပြည်သူများကိုယဉ်ကျေးပျူငှာစွာဆက်ဆံ

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ တောင်ငူခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံပြီး ပြည်သူများကို ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေးနှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ကောလိပ်ခန်းမ၌ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်