ရန်ကုန် ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ မြန်မာတိုင်းရင်း သားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်( ရန်ကုန်) စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်များမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်တို့က အွန်လိုင်းဖြင့် တက်ရောက်ကြ သည်။
ညှိနှိုင်းဆောင်ရွက်
ဦးစွာ ဒုတိယဝန်ကြီးဒေါ်နုမြဇံက မြန်မာနိုင်ငံတွင်တိုင်းရင်းသားလူမျိုး (၁၃၅) မျိုး၊ အဓိကမျိုးနွယ်စု (၈)မျိုးရှိကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ အမျိုးသားဝတ်စုံများသည် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာအရ အရေးပါကြောင်း၊ တိုင်းရင်းသားဝတ်စုံများကို ဆန်းသစ်တီထွင်မှုများကြောင့် အရိုးပေါ်အရွက်ဖုံးမဖြစ်စေဘဲ အမျိုးသားဝတ်စုံအမှန်ကို သတ်သတ်မှတ်မှတ် ထားရှိရန်လိုအပ်ကြောင်း၊ တိုင်းရင်းသား မျိုးနွယ်စုအားလုံး၏ သီးခြားစီရှိနေသော ဝတ်စုံများကို တစ်ပြိုင်တည်းအသိအမှတ်ပြု သတ်မှတ်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပထမဆုံးအကြိမ်တွင် ပင်မတိုင်းရင်းသားလူမျိုး (၈)မျိုး၏ဝတ်စုံများကို ဦးစားပေးဆွေးနွေးပြီး ကျန်တိုင်းရင်းသား မျိုးနွယ်စုများကိုမူ သုတေသနပြုပြီး အသင့်ရှိလျှင်ရှိသလောက် ဆွေးနွေးတင်ပြစေလိုကြောင်း၊ မျိုးနွယ်စုများ၏ တိုင်းရင်းသားဝတ်စုံမှန်သတ်မှတ်နိုင်ရေးအတွက် သမိုင်းမှတ်တမ်းမှတ်ရာ အထောက်အထားများ၊ မြေပြင်ကွင်းဆင်း လေ့လာမှတ်တမ်းပြုချက်များ၊ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ကာအတည်ပြုနိုင်ကြရန်လိုအပ်ကြောင်း၊ အတည်ပြုပြီးနောက်စာအုပ်စာတမ်း၊ ရုပ်သံဗီဒီယိုများဖြင့် ထိန်းသိမ်းမှတ်တမ်းတင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကိုအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် မြန်မာတိုင်းရင်းသားလူမျိုးများ၏ ဝတ်စုံမှန်သတ်မှတ်ရေးကော်မတီအတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာကေသီထွေးက အစည်းအဝေးကျင်းပ ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော အမြဲတမ်းအတွင်းဝန်များက ဖြည့်စွက်ဆွေးနွေးကြသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များက မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးအတွက် သက်ဆိုင်ရာအလိုက် ရှင်းလင်းဆွေးနွေးကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူးဦးညွန့်တင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးဒေါ်နုမြဇံက နိဂုံးချုပ်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်