မန္တလေး ဖေဖော်ဝါရီ ၂၂
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ရောက်ရှိစစ်ဆေးပြီး စက်ရုံမှူးနှင့်ဝန်ထမ်းများအား လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ ထပ်ဆင့်လွှင့်စက်ရုံမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများမှာကြားပြီး ခရိုင်ပြည်သူ့စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ အထက်မြန်မာပြည်အစိုးရပုံနှိပ်စက်ရုံသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များမှာကြား၍ ကျောင်းသုံးစာအုပ်များ ပုံနှိပ်ထုတ်လုပ်မှုကို ကြည့်ရှုစစ်ဆေးကာ ပုံနှိပ်အရည်အသွေးကောင်းရေး၊ နောင်တွင် စွမ်းအားပြည့်ပုံနှိပ်နိုင်ရေးအတွက် ဝန်ထမ်းအင်အား၊ စက်ပစ္စည်းများထိန်းသိမ်းရေးနှင့် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရေးတို့ကို မှာကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်ဦးစီးမှူးများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း ဌာနခွဲမှဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံ စစ်ကိုင်းဇုန်နယ်မှူး၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ကိုယ်ပွားသတင်းစာတိုက်မှ စာတည်းမှူးချုပ်နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ထို့နောက် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်နှင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းများအားတွေ့ဆုံမှာကြားရာတွင် လူငယ်အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်ရေး၊ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် သင်တန်းများဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာများနှင့် တင်ပြညှိနှိုင်းဆောင်ရွက်ရေး၊ စစ်မှုထမ်းဥပဒေအာဏာတည်သည့် အမိန့်ထုတ်ပြန်ခြင်းအပေါ် မီဒီယာများမှ အဖျက်အမှောင့်ကောလာဟလထုတ်ပြန်မှုများကြောင့် ပြည်သူလူထုစိုးရိမ်ပူပန်မှုမရှိရေးအတွက် တတ်နိုင်သည့်ဘက်မှ ရှင်းလင်း ဆွေးနွေးကြရေးနှင့် ဝန်ထမ်းရေးရာကိစ္စများ၊ လုံခြုံရေးကိစ္စများ ဂရုပြုဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
သတင်းစဉ်
ဓာတ်ပုံ-မြင့်မော်ထွန်း(ပြန်/ဆက်)