နေပြည်တော် ဖေဖော်ဝါရီ ၂၁
နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအား အပြည့်အဝလည်ပတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဘိလပ်မြေ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘိလပ်မြေ စက်ရုံ (၁၉)ရုံ ရှိပါကြောင်း၊ ဘိလပ်မြေစက်ရုံများနှင့် ပတ်သက်၍ နိုင်ငံအတွင်းရှိ ဘိလပ်မြေစက်ရုံများ အပြည့်အဝလည်ပတ်နိုင်ရေးလိုအပ်သည့် သွင်းအားစုများရရှိရေးနှင့် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဘိလပ်မြေစက်ရုံများအတွက် ဘိလပ်မြေထုတ်လုပ်ရန်လိုအပ်သည့် အဓိကကုန်ကြမ်းများဖြစ်သည့် ထုံးကျောက်၊ ကျောက်မီးသွေး၊ ဂေါဒန်၊ သံကြွယ်ဘောက်ဆိုက်၊ မြေစေး အစရှိသည့် စက်မှုတွင်းထွက်ကုန်ကြမ်းများကို ထုတ်လုပ်မှုဆောင်ရွက်ရန် ခွင့်ပြုပေးထားကြောင်း၊ အခြားသွင်းအားစုများလည်း ဘိလပ်မြေထုတ်လုပ်ရာတွင် လိုအပ်ပါကြောင်း၊ အဆိုပါကုန်ကြမ်းများ၊ သွင်းအားစုများ၊ စက်များကြံခိုင် ကောင်းမွန်မှသာ စက်စွမ်းအားပြည့် လည်ပတ်နိုင်မည်ဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုအတွက် ကောင်းစွာလုံလောက်မှုရှိမည်ဖြစ်ပြီး ပြည်ပမှတင်သွင်းမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဘိလပ်မြေ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီမှုသည်အရေးကြီးပါကြောင်း၊ ထုတ်လုပ်မှုပမာဏနှင့် နည်းပညာများတိုးတက်ရရှိအောင် ဆောင်ရွက်သွားကြရန် စက်ရုံများ၏တွေ့ကြုံနေရသည့် အခက်အခဲများရှိပါက တင်ပြဆွေးနွေးကြရန်နှင့် လိုအပ်ချက်များ၊ နည်းလမ်းများကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှု အခြေအနေ၊ ဈေးကွက်အနေအထား၊ ကြုံတွေ့ရသော အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြပြီး တာဝန်ရှိသူများ၏ ဖြည့်စွက်ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)