နေပြည်တော် ဖေဖော်ဝါရီ ၁၈
မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်က မင်းတုန်းမင်းတြားကြီး ဆောက်လုပ်ပြီး ပထမရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးအား လှူဒါန်းခဲ့သော ကျွန်းကျောင်းတော်ကြီးကို ထိုင်းနိုင်ငံမှ အလှူရှင်များက မတည်လှူဒါန်းပြီး မြန်မာနိုင်ငံမှ အလှူရှင်များ ၏ပါဝင်ကုသိုလ်လှူဒါန်းမှုတို့ဖြင့် ပြုပြင်ခဲ့ရာ အလုံးစုံအောင်မြင်ပြီးဖြစ်သည့်အတွက် ပြုပြင်ပြီးစီးမှု အထိမ်းအမှတ် ရေစက်ချကုသိုလ်မင်္ဂလာအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တထုတိဝရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ရှိ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ သောဠဿမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ ဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကျောက်မဲမြို့သီဟိုဠ် ပရိယတ္တိစာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရနှင့် ရွှေကျင်ဂိုဏ်းမှ ဆရာတော် သံဃာတော်များ၊ ထိုင်းနိုင်ငံ Pathum Thani ပြည်နယ်၊ Khlong Luang District ရှိ (Wat Phra Dharmmakaya) ဓမ္မကာယ ကျောင်းတိုက်မှ ဆရာတော် Doctor Phorn Chi နှင့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်ပြီး မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။
ထို့နောက် ကျွန်းကျောင်းတော်ကြီးပေါ်တွင် ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ တက်ရောက်လာကြသူများက နာမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ သောဠဿမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်တို့၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက သီတဂူဆရာတော်ကြီးထံသို့ လှူဖွယ်ပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးက ကျွန်းကျောင်းတော်ကြီး ပြုပြင်ဆောင်ရွက်ရာတွင် ကိုယ်အားဉာဏ်အား ဓနအားဖြင့် ကူညီထောက်ပံ့ဆောင်ရွက်ကြသော ဂုဏ်ပြုထိုက်သူတို့အား ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားပြီး ရွှေကျင်နိကာယသာသနာပိုင် သီတဂူဆရာတော်ကြီး အမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့ထံ မေတ္တာပရိတ်တရားတော်များနှင့် ရေစက်ချ အနုမောဒနာတရား နာယူကြည်ညိုကာ ကုသိုလ်အမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီး အမှူးပြုပြီး ဆရာတော် သံဃာတော်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။