Skip to main content

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း ဥပစာရှေ့၌ ကျင်းပသည်။

ဦးစွာ နံနက် ၅ နာရီခွဲတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စစ်တီးဝိုင်းတပ်စု၊ အလံတင်တပ်စုတို့သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။

ဆက်လက်၍ နံနက် ၇ နာရီတွင် ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ စစ်ဘက်ဆိုင်ရာအရာရှိကြီး များ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ဒုတိယကောင်စစ်ဝန်ချုပ် Mr. Zhang Wei ၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal နှင့် ဖိတ်ကြားထားသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုအသင်းအဖွဲ့ အစည်းများ၊ မန္တလေးမြို့အခြေစိုက် တိုင်းရင်းသားလူမျိုးစုများနှင့် ပြည်သူများ စုစုပေါင်း ၁၅၀၀ ကျော် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အစီအစဉ်များအတိုင်း အလေးပြုကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကာ အခမ်းအနားကို ရုပ်သိမ်းသည်။

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ပြည်ထောင်စုတိုင်းရင်းသားညီနောင်သားချင်းများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြုလုပ်သည့် ပြည်ထောင်စုတိုင်းရင်းသားများ၏ စတုဒိသာမဏ္ဍပ်များတွင် ကျွေးမွေးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။

ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတို့တွင်လည်း ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက် (၅) ရပ်နှင့်အညီ အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်