Skip to main content

SEA-PLM 2019 အကြံပြုလုပ်ငန်းစဉ်များနှင့် SEA-PLM 2024 စစ်ဆေးအကဲဖြတ်မှုလုပ်ငန်းစဉ်များဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၉

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ (Southeast Asia Primary Learning Metrics: SEA-PLM 2024) သည် မူလတန်းအဆင့် နောက်ဆုံးနှစ် Grade-5 ကျောင်းသားများ၏ စာဖတ်စွမ်းရည် (Reading Skills)၊ အရေးစွမ်းရည် (Writing Skills)၊ သင်္ချာစွမ်းရည် (Mathematics Skills)၊ ကမ္ဘာ့သား ကောင်းဖြစ်မှု (Global Citizenship) စွမ်းရည်များကို စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံဒေသတွင်း ကျယ်ပြန့်သောပညာရည် စစ်ဆေးမှုတစ်ခုဖြစ်ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ဆောင်ရွက်သော နိုင်ငံတကာ အဆင့် ပညာရည်တိုင်းတာ စစ်ဆေးမှုတစ်ခုဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် SEA-PLM 2019 အကြံပြု လုပ်ငန်းစဉ်များနှင့် SEA-PLM 2024 စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်များဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။

ဆက်လက်၍ ဒေါက်တာဇော်မြင့်က ဒုတိယအကြိမ် SEA-PLM 2024 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်မှု၏ အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် ပညာရေးဝန်ကြီးဌာနက ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်း၏ အကြိုစမ်းသပ်စစ်ဆေးမှု (Field Trial) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် Grade–5 ကျောင်းသား ၁၇၄၄ ဦးကို စာဖတ်စွမ်းရည်၊ သင်္ချာစွမ်းရည်၊ ကမ္ဘာ့သားကောင်းဖြစ်မှုတို့ ပါဝင်သော Text Booklets များ၊ မိဘစစ်တမ်းလွှာ (Parents Questionnaires) နှင့် ကျောင်းသားစစ်တမ်းလွှာ (Student Questionnaires) တို့ဖြင့် စမ်းသပ်စစ်ဆေးမှုဆောင်ရွက်ခဲ့ပါကြောင်း၊ SEA-PLM 2024 ပင်မစစ်ဆေးမှု (Main Survey)၏ အချက်အလက်ကောက်ခံခြင်းလုပ်ငန်းကို လာမည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စစ်ဆေးအကဲဖြတ်မှု သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့်တွေ့ရှိချက်များအပေါ် အခြေခံပြီး ပညာရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲရေးမူဝါဒ၊ လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပညာ‌ရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းသန်းမြင့်က ကြိုဆိုနှုတ်ခွန်း စကားပြောကြားပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က အရှေ့တောင်အာရှ မူလတန်းပညာသင်တတ်မြောက်မှု တိုင်းတာ စစ်ဆေးရေးစံ (SEA-PLM) မိတ်ဆက်၊ SEA-PLM 2024 စစ်ဆေးမှုဆောင်ရွက်ဆဲ အခြေအနေကို တင်ပြသည်။

မွန်းလွဲပိုင်းတွင် SEA-PLM 2019 အကြံပြုလုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြခြင်းဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးသီတာစိုးက ဆွေးနွေးပွဲရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် သုတေသနဌာနခွဲမှ အရာထမ်းများက SEA-PLM 2019 Regional Report နှင့် Secondary Report များမှ အကြံပြုချက်များကို တင်ပြကြရာ တက်ရောက်လာသော ကိုယ်စား လှယ်များက အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြသည်။ အဆိုပါ လုပ်ငန်းဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ ရက် အထိ ကျင်းပသွားမည်ဖြစ်သည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်‌ ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ SEA-PLM နည်းပညာအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်