နေပြည်တော် ဇန်နဝါရီ ၂၉
ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ခွေးရူးပြန်ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခုပင်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူလုံးဝမရှိစေရေး ရည်မှန်းချက်ပြည့်မီစေရေး မြန်မာနိုင်ငံအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်းအားဖြင့် ဆောင်ရွက်၍ အောင်မြင်နိုင်မည်မဟုတ်ဘဲ နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုကပါ တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု (One Health Approach) ဖြင့် ဆောင်ရွက်သွား ကြရေးအတွက်ရည်ရွယ်ပြီး ဆွေးနွေးတိုင်ပင်နိုင်စေရေး အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်စန္ဒာအောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ ဌာနမှူး ဒေါက်တာ ဝေဖြိုးအောင်နှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်တို့က ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ခွေးကိုက်မှုအဖြစ်များသော ဒေသများ၌ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို Campaign အသွင်ဖြင့် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာကဏ္ဍစုံပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ၍ လက်တွေ့လုပ်ဆောင်နိုင်မည့် ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှု စီမံချက်များရေးဆွဲသွားရန်တို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သက်ဆိုင်ရာအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ကျန်းမာရေးဌာန ဌာနမှူးနှင့် တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်