နေပြည်တော် ဇန်နဝါရီ ၂၅
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကစွမ်းအားစုများအဖြစ် ပါဝင်နိုင်သော ဗလငါးတန်နှင့်ပြည့်စုံသော နည်းပညာရှင်လူငယ်များ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အားကစားနည်းအလိုက် သက်ဆိုင်ရာကွင်း/ရုံများတွင် ယနေ့ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုအားပေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အမှတ် ၃ ၌ အုပ်စု(က) ပွဲစဉ်ဖြစ်သော ရန်ကုန်အနောက်ပိုင်းဇုန်နှင့် ပြည်ဇုန်တို့မှ ဘောလုံးအသင်းများ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးပြီး ပွဲအပြီးတွင် ကျောင်းသားများကို ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။ ယင်းပွဲစဉ်တွင် ပြည်ဇုန်က ရန်ကုန် အနောက်ပိုင်းဇုန်ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ဆုများချီးမြှင့်
မွန်းလွဲ ၂ နာရီတွင် ဒုတိယဝန်ကြီးသည် Indoor Stadium (A) ရုံ၌ စားပွဲတင်တင်းနစ်ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ကြည့်ရှုအားပေးပြီး ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အမျိုးသားတစ်ဦးချင်း တတိယဆုရရှိသည့် ကျိုင်းတုံဇုန်၊ ဒုတိယဆုရရှိသည့် မြစ်ကြီးနားဇုန်နှင့် ပထမဆုရရှိသည့် မိတ္ထီလာဇုန်တို့မှ ကျောင်းသားများ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက အမျိုးသားအသင်းလိုက် တတိယဆုရရှိသည့် မြစ်ကြီးနားဇုန်၊ ဒုတိယဆုရရှိသည့် နေပြည်တော်ဇုန်နှင့် ပထမဆုရရှိသည့် မကွေးဇုန်တို့မှ ကျောင်းသားများကိုလည်းကောင်း ဆုများချီးမြှင့်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းသား အားကစားသမားများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ပြည်သူများက အမှန်တကယ်အားထားရသည့် နိုင်ငံ့လူငယ်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူ များနှင့်အတူ ကွင်းအမှတ် ၁ ၌ အုပ်စု(က) ပွဲစဉ် ဖြစ်သော ဘားအံဇုန်နှင့် ပုသိမ်ဇုန်မှ ဘောလုံးအသင်း များ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးသည်။ ယင်းပွဲစဉ် တွင် အနိုင်ရရှိသည့်အသင်းသည် နောက်တစ်ဆင့် တက်မည်ဖြစ်၍ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ပုသိမ်ဇုန်က ဘားအံဇုန်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ပွဲစဉ်အပြီးတွင် ဒုတိယဝန်ကြီးသည် ကျောင်းသားအားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နိုင်ငံ့ဂုဏ်ရောင်ကို ထွန်းပြောင်စေသည့် လက်ရွေးစင် ဘောလုံးသမားကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
ကွင်းအမှတ် ၃ တွင် အုပ်စု(ခ) ပွဲစဉ်ဖြစ်သော နေပြည်တော်ဇုန်နှင့် စစ်ကိုင်းဇုန်တို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်ဇုန်က စစ်ကိုင်းဇုန်ကို ခြောက်ဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။
သတင်းစဉ်