Skip to main content

အမိန့်စည်းကမ်းများကို အလေးထားလိုက်နာ

မြန်မာနိုင်ငံတွင် သြဂုတ်လ ၃၁ ရက် ညပိုင်းနှင့် စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း နောက်ဆုံးဓာတ်ခွဲစစ်ဆေးချက်များအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဦးရေ ၁၀၀ ပေါ်ထွက်ခဲ့ပြီး အတည်ပြုလူနာ စံချိန်ကျိုးခဲ့ပါသည်။ ထို ၁၀၀ ထဲတွင် ၁၈ ဦးသည် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်နှင့် ပြည်ပခရီးသွား ရာဇဝင်မရှိသူများ၊ ပိုးတွေ့ အတည်ပြုလူနာနှင့် ထိတွေ့မှု မရှိသူများ ဖြစ်နေသည်။

ယင်းဖြစ်စဉ်ကိုကြည့်လျှင် ပြင်ပတွင် သွားလာလုပ်ကိုင်ရာ၌ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာလိုက်နာရမည့် အချက်များကို လိုက်နာရန် အားနည်းမှုရှိနေသည်မှာ ပေါ်လွင်နေသည်။ အပြင်ထွက်ရာတွင် ပေါ့ပေါ့ဆဆနေထိုင် သွားလာသူများရှိသောကြောင့် ပြည်သူလူထုအတွင်း လူအချင်းချင်း လူမသိသူမသိ ရောဂါကူးစက်မှု ဖြစ်လာသည်ဟုဆိုရမည်။ ယင်းအချက်သည် အလွန်အန္တရာယ်များသော အခြေအနေဖြစ်ပြီး ရောဂါကူးစက်မှုများ နေ့စဉ်တိုး၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုနှစ်မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ကြောင်း သတ်မှတ်ကြေညာပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရက အမိန့်၊ ညွှန်ကြားချက်နှင့် အသိပေးချက်များ အသီးသီး ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားပြီးပြီလအစောပိုင်း ပိုးတွေ့လူနာ ဆယ်ဂဏန်းမျှရှိစဉ်တွင်ပင် အမိန့်၊ ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းများသာမက stay at Home အစီအစဉ်များနှင့်ပါ ဖိဖိစီးစီး ဆောင်ရွက်ခဲ့သည်။

ထိုသို့ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုပူးပေါင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများအား တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြရာ မေလလယ်ခန့်တွင် အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ခဲ့သဖြင့် နိုင်ငံအတွင်းရှိ stay at Home သတ်မှတ်ထားသည့် မြို့နယ်အချို့တို့အား ဖြေလျှော့ခြင်းအပါအဝင် ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို တစ်ဆင့်ချင်း ဖြေလျှော့ပေးခဲ့သည်။ ဖြေလျှော့ပေးခဲ့သော်လည်း ပေါ့ပေါ့ဆဆမနေဘဲ ကျန်းမာရေးသတိဖြင့် တိကျစွာလိုက်နာဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူသို့ အသိပေးပန်ကြားခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဖိဖိစီးစီးဆောင်ရွက်လျက် ရှိသော်လည်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိနေမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် အတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိသည့်လူနာများတွေ့ရှိမှု များပြားလာသောကြောင့် ရောဂါကူးစက်ပျံ့နှံ့နေမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် စစ်တွေမြို့ကို stay at Home အစီအစဉ်သတ်မှတ်ခဲ့ရပြီး စက်တင်ဘာလ ၂ ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ်ခုနစ်မြို့နယ်တွင် နေထိုင်ကြသော ပြည်သူများ Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ထပ်မံအသိပေးထုတ်ပြန်ခဲ့သည်။

ပြည်သူများ ရောဂါဘေး မကြုံတွေ့ရစေရေးနှင့် လူမှုစီးပွားအခက်အခဲများ မရှိစေရေးအတွက် ရောဂါဖြစ်ပေါ်မှုအခြေအနေအပေါ် မူတည်၍ ဖြေလျှော့ပေးမှုများ ပြုလုပ်ပေးခဲ့သော်လည်း ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များအား လိုက်နာရေးတွင် အားနည်းမှုများ ရှိလာသောကြောင့် ရောဂါဖြစ်ပွားမှု တိုးတက်လာခြင်းဖြစ်ရာ ယခုကဲ့သို့ stay at Home အစီအစဉ်များ ထုတ်ပြန်ကာ ဖိဖိစီးစီး ပြန်လည်ဆောင်ရွက် လာရခြင်းဖြစ်သည်။

သို့ဖြစ်ရာ Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ရန်(တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)၊ မဖြစ်မနေဈေးဝယ်ထွက်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်း သွားရန်ရှိလျှင် တစ်အိမ်လျှင် နှစ်ဦးသာသွားရန်၊ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်၊ နှာခေါင်းစည်းတပ်ရန်၊ တာဝန်ထမ်းဆောင်မည့် ယာဉ်နှင့် ဖြတ်သန်းခွင့်ပြုယာဉ်သာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင်တစ်ဦး၊ ကျန်းမာရေးအတွက်ယာဉ်မောင်းအပြင် နှစ်ဦးသာသွားရောက်ရန် စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်သည်ကို သတိချပ်ရမည်ဖြစ်ပါကြောင်း။      ။