နေပြည်တော် ဇန်နဝါရီ ၁၉
ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီးတည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လေ့လာသုံးသပ်အစီရင်ခံရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက် ခြောက်ချက်ချမှတ်ခဲ့ပြီး ပထမအကြိမ်အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေး လုပ်ငန်းကော်မတီများ၊ သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်ပြုစုတင်ပြလာခဲ့ရာ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရသော်လည်း အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိသေးသည်ကို တွေ့ရှိရကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေးလုပ်ငန်း ကော်မတီများ၊ သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များ၊ လက်ရှိနယ်စပ်စစ်ဆေးရေး စခန်းများ၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/မရှိအခြေအနေ၊ လက်ရှိစခန်းများ၏ ထပ်မံတိုးချဲ့နိုင်မှု၊ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် ပို့ကုန်/သွင်းကုန်ပမာဏ၊ နယ်နိမိတ်တိုင်းတာရန် လိုအပ်မှုရှိ/မရှိ အခြေအနေ၊ လျာထားမြေဧရိယာရရှိနိုင်မှုနှင့် ကုန်ကျမည့် ကုန်ကျစရိတ်တွက်ချက်တင်ပြလာမှု၊ တစ်ဖက်နိုင်ငံမှ နယ်စပ်မျဉ်းအနီး ကုန်သွယ်ရေးဇုန်/ စခန်းတည်ဆောက်ထားမှုနှင့် လက်ရှိလုံခြုံရေးအခြေအနေတို့အပေါ်မူတည်၍ နယ်စပ်မျဉ်းအနီး ကုန်သွယ်ရေးဇုန်/ စခန်းတည်ဆောက်နိုင်ရေးအတွက် ဦးစားပေးခွဲ၍ ဆောင်ရွက်သင့်သည်ကိုတွေ့ရကြောင်း။
သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေးလုပ်ငန်းကော်မတီများမှ ဆွေးနွေးတင်ပြချက်များအပေါ် စိစစ်သုံးသပ်ပြီး နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ ကုန်သွယ်ရေး ဇုန်/စခန်းတည်ဆောက်နိုင်မည့်အခြေအနေများကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီသို့ သုံးသပ်ပြုစုတင်ပြသွားမည်ဖြစ်ကြောင်း၊ လေ့လာသုံးသပ်အစီရင်ခံရေးကော်မတီဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်လေ့လာ သုံးသပ်အစီရင်ခံရေးလုပ်ငန်းကော်မတီများအနေဖြင့် ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာစံနှုန်း/လုပ်ငန်းစဉ်များ၊ နိုင်ငံတော်၏တည်ဆဲဥပဒေများနှင့်အညီ ညီညွတ်ခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှု ရှိ/မရှိ၊ နိုင်ငံတကာဥပဒေစံနှုန်းများ၊ ပြည်တွင်းဥပဒေများနှင့် ညီညွတ်ခြင်းရှိ/မရှိ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ထိရောက်စွာဆောင်ရွက်နိုင်မှု ရှိ/မရှိစသည်တို့ကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှသုံးသပ်၍ ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်