နေပြည်တော် ဇန်နဝါရီ ၁၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဇန်နဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းအမှတ် (၄)မှ တိုင်း တာဝန်ခံအရာရှိများနှင့်အတူ ရထားလမ်းပိုင်းများ၊ တံတားများအခြေအနေနှင့် သာစည်ဘူတာ ဝန်ထမ်းနေအိမ်လိုင်းခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် အဆင့်မြှင့်တင်ပြုပြင်ထားသည့် ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ - ထီသိမ် - တောင်ကြီး အပိုင်းကိုစစ်ဆေးပြီး ရထားလမ်းပိုင်းရှိ အချို့နေရာများတွင် ကျောက်ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ ထီသိမ်အဝိုင်းပတ်နေရာတွင် စိုက်ပျိုးထားသည့် သစ်ပင်များနှင့် အဝိုင်းပတ်တာပေါင်တွင် မြေထိန်းနိုင်ရန် စိုက်ပျိုးထားသည့် မြက်ပင်များရှင်သန်စေရေး ဂရုစိုက်သွားရန်၊ ကွေ့ဒီဂရီ၊ Alignment နှင့် Super Elevations များမှန်ကန်မှုရှိစေရေး စနစ်တကျစစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန်၊ ရထားလမ်းဘေးရေမြောင်းများ စနစ်တကျဆောင်ရွက်သွားရန်နှင့် Toe Wall များ စနစ်တကျ တည်ဆောက်ရန်တို့ကိုမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ကြီး - နောင်ကား လမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့် တာပေါင်များ ထိန်းသိမ်းမှုအခြေအနေကိုစစ်ဆေးပြီး ကျောက်ဖြည့်သွင်းရန် လိုအပ်သည့်နေရာများတွင် ကျောက်ထပ်မံဖြည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည်ခိုင်ခံ့မှုရှိစေရေး မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရန်၊ ရေမြောင်းများ (Side Drains) စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ရထားလမ်းတာပေါင် ရေတိုက်စားမှုနည်းစေရန်အတွက် မြက်ကပ်စိုက်ပျိုးထားမှုကို ရှင်သန်အောင် ဂရုစိုက်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တောင်ကြီး - ကက္ကူရထားလမ်းပိုင်းကို စစ်ဆေးပြီး ရထားလမ်းတစ်လျှောက်ရှိ တံတားကြံ့ခိုင်မှု၊ လမ်းပိုင်းကြံ့ခိုင်မှုအခြေအနေတို့ကို ပုံမှန်စစ်ဆေးသွားရန်နှင့် ရထားလမ်းဘေးရှိ မြက်၊ ချုံများ ရှင်းလင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သာစည်ဘူတာနှင့် ဘူတာယာဒ်ဝင်းကိုစစ်ဆေးပြီး သန့်ရှင်းသပ်ရပ်မှုရှိစေရေး ရှင်းလင်းဆောင်ရွက်ရန်၊ သာစည်ဘူတာဝန်ထမ်းနေအိမ်လိုင်းခန်းများ၌ သောက်သုံးရေလုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်းဆောင်ရွက်သွားရန်နှင့် အိမ်ရာကြီးကြပ်ရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီးပျက်စီးမှုများကို ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်