Skip to main content

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

မန္တလေး ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင် ရန်ပုံငွေကြီးကြပ်မှုကော်မတီက ကြီးမှူး၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပန်းမျိုးတစ်ရာခန်းမ၌ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများက ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော် တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတွင် ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလာစေရန်၊ အလွန်တန်ဖိုးရှိလှသည့် လူငယ်များကို အရည်အချင်းပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော ထူးချွန်ထက်မြက်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန် နိုင်ငံတော်က လူငယ်ရေးရာမူဝါဒများ၊ လူငယ်ဖွံ့ဖြိုးရေးအစီအမံများ ချမှတ်၍ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်များမြင့်မားလာစေရန်၊ စာပေစွမ်းအားဖြင့် အသိပညာဗဟုသုတ ကြွယ်ဝပြီး မှန်ကန်သည့်အတွေးအခေါ် အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်လာကြစေရန် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ပါကြောင်း၊ အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စအပိုင်းများတွင် ထူးချွန်ထက်မြက်လာစေရန် လူငယ်များ၏ ကြိုးစားအားထုတ်မှု၊ အခွင့်အလမ်းနှင့် စွမ်းရည်မြှင့်တင်ရေးအတွက် ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် တစိုက်မတ်မတ် တည်ရှိနေရန် အားလုံးဝိုင်းဝန်း ကြိုးပမ်းသွားကြ ရမည်ဖြစ်ပါကြောင်းနှင့် လူငယ်များအနေဖြင့် နိုင်ငံ၏အနာဂတ်ကို ပုံဖော်သည့် အသိပညာဗဟုသုတနှင့် ပြည့်စုံသော ခေါင်းဆောင်ကောင်းများဖြစ်အောင် ဇွဲ၊ လုံ့လ၊ ဝီရိယ ဟန်ချက်ညီစွာဖြင့် ကြိုးစားသွား ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်နေသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ၊ ပညာတတ်လူစွမ်းအား အရင်းအမြစ်များကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်က နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို တွန်းအားပေးဆောင်ရွက်ပေးနေမှုများ၊ လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုများ ဖွံ့ဖြိုးလာစေရန်၊ လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာစေရန် လူငယ်များ၏အခန်းကဏ္ဍကို အလေးထား ဆောင်ရွက်ပေးနေမှုများကို ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်အားပေးကာ လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့် သုတ/ရသ စာအုပ်များ၊ လူငယ်နှင့်ကလေး ငယ်များ ပျော်ရွှင်စေရန် ကဏ္ဍအသီးသီးအလိုက် စိတ်ဝင်စားဖွယ် ကစားနည်းများ၊ ဉာဏ်စမ်းပဟေဠိ ကစားနည်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်