Skip to main content

ဒေသတွင်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာရှင်များကို စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးကြိုးပမ်း

နေပြည်တော် ဇန်နဝါရီ ၁၈

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းတွင် အစိုးရနည်းပညာကောလိပ် (မန္တလေး) သို့ရောက်ရှိပြီး တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသတွင်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာရှင်များကို စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဒေသတွင်း ပြည်သူများ ဘဝရပ်တည်ချက်ခိုင်မာမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှုတို့ကို လက်တွေ့ကျကျ ဖော်ဆောင်ပေးမည့် သင်တန်းများကို ဖွင့်လှစ်သွားရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၊ ကျောင်းသားများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းပေးပြီးနောက် မလေးရှားနိုင်ငံ လန်ကာဝီမြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သော 4th ASEAN - India Grassroot Innovation Forum 2023 တွင် Hydraulic Magic Track ခေါင်းစဉ်ဖြင့် Most Promising Award ဆုရရှိခဲ့သော ဒုတိယနှစ် မြို့ပြအင်ဂျင်နီယာသင်တန်းမှ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် တည်ဆောက်ရေး လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ လုပ်ငန်းများ ပြီးစီးစေရေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြား သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် Myanmar Institute of Information Technology (MIIT) သို့ရောက်ရှိခဲ့ပြီး ဘာသာရပ်နှင့် သင်တန်းနှစ်တို့အလိုက် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ယနေ့ခေတ်တွင် IT နည်းပညာများ လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသည်ဖြစ်ရာ နောက်ကျမကျန်ဘဲ ယင်းနည်းပညာအရွေ့နှင့်အတူ လိုက်ပါနိုင်ရေး အစဉ်လေ့လာဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးနည်းပညာ တက္ကသိုလ်သို့ရောက်ရှိပြီး အင်ဂျင်နီယာဘာသာရပ်နှင့် သင်တန်းနှစ်တို့အလိုက် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဤတက္ကသိုလ်မှ လေ့လာဆည်းပူး၍ ရရှိသည့်နည်းပညာများဖြင့် မိမိတို့၏ဘဝအနာဂတ်များကို လှပကောင်းမွန်အောင် တည်ဆောက်သလို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည် ဆောက်ရာတွင်လည်း အုတ်ကောင်းတစ်ချပ်၊ သဲကောင်းတစ်ပွင့်အနေဖြင့် ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အားကစားလှုပ်ရှားမှု ဆောင်ရွက်လျက်ရှိသော ကျောင်းသား ကျောင်းသူများကို ကြည့်ရှုအားပေးပြီး ကျောင်းသား ဘဝတန်ဖိုးရှိသော အချိန်များကို အကျိုးရှိစွာ အသုံးချကြရန်၊ ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့လူငယ်ကောင်းများဖြစ်စေရေး အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်