Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၇

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိမင်္ဂလာ ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စွမ်းရည်ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ်‌ ဆောင်ရွက်ပေးကြသည့် အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှ ဆရာ ဆရာမများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ်သူ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ပညာရေးစနစ်သစ်တွင် ကျောင်းသား ကျောင်းသူများ အရည်အချင်းရှိသော နိုင်ငံသားများဖြစ်ပေါ်လာရေးအတွက် ၂၁ ရာစု သင်ကြားရေးဆိုင်ရာ စွမ်းရည်များနှင့် ပြည့်စုံအောင် သင်ကြားပေးလျက်ရှိပါကြောင်း၊ အနာဂတ် နိုင်ငံ‌တော်ကို ဦးဆောင်ကြမည့် ကျောင်းသားလူငယ်များ အနေဖြင့် နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာ အ‌ရေး၊ အဖတ်၊ အပြော စွမ်းရည်များ တိုးတက်လာစေရန်နှင့် စဉ်းစားတွေးခေါ်ဉာဏ် ရင့်သန်ပြီး သင်္ချာဆိုင်ရာ ဉာဏ်ရည်တိုးတက်ရန်လိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်များနှင့် ကာယ ဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ တည်းဟူသော ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင်‌ ကျောင်းသား ကျောင်းသူများ ဖြေဆိုမှုနှင့်စပ်လျဉ်း၍ ပညာ‌ရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲဝင်‌ ကျောင်းသား ကျောင်းသူများ ဖြေဆိုမှုနှင့် စပ်လျဉ်း၍ သင်္ချာစွမ်းရည်ပြိုင်ပွဲ စာစစ်မှူးချုပ်၊ ရန်ကုန်တက္ကသိုလ် သင်္ချာဌာနပါမောက္ခ ဒေါက်တာအောင်ကျော်က ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အတန်းလိုက် ပထမဆုရွေးချယ်ခံရသည့် ကျောင်းသား ကျောင်းသူများက အင်္ဂလိပ်စာစွမ်းရည်ကို ပြသတင်ဆက်ကာ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် Grade 5, Grade 6, Grade 7, Grade 8, Grade 9 မှ ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်သည်။

ချီးမြှင့်

ထို့နောက် အကဲဖြတ်စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများ ကူညီဆောင်ရွက်ပေးသည့် တက္ကသိုလ်မှ တာဝန်ရှိ ဆရာ ဆရာမများကိုယ်စား အင်္ဂလိပ်စာနှင့် သင်္ချာအကဲဖြတ်ဒိုင်နှစ်ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်