Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဆဋ္ဌမနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၄

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး ဆဋ္ဌမနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။

ကြည့်ရှုအားပေး

အဆိုပါ အားကစားနည်းအလိုက် ယှဉ်ပြိုင်နေမှုများကို ပညာ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုအားပေးကြသည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံတွင် နံနက်ပိုင်းမှစ၍ တက္ကသိုလ်ပေါင်းစုံ အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဆက်လက်ကျင်းပပြီး အမျိုးသားဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဒဂုံဇုန်အသင်းနှင့်တောင်ကြီးဇုန်အသင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၁)တွင် မော်လမြိုင်ဇုန်အသင်းနှင့် ရန်ကုန်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဒဂုံဇုန်အသင်းက တောင်ကြီးဇုန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး မော်လမြိုင်ဇုန်အသင်းနှင့် ရန်ကုန်ဇုန်အသင်းတို့သည် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

တက္ကသိုလ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(C)ရုံတွင်လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံတွင်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်