Skip to main content

ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာအဆောက်အဦ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

တောင်ကြီး ဇန်နဝါရီ ၁၄

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မဲခေါင် - လန်ချန်း အထူးရန်ပုံငွေနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် အလုပ်ရုံဆောင်၊ ဝင်းခြံစည်းရိုး၊ ထမင်းစားဆောင်၊ ပင်မအဆောက်အဦ ထပ်တိုးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်ကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဝန်ထမ်းများနှင့် တွေ့ဆုံ

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ကြိုးစားဆောင်ရွက်

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးသမိုင်းနောက်ခံအချက်အလက်များကို သိရှိထားနိုင်ရန်နှင့် သင်ခန်းစာများ ရယူနိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ငြိမ်းချမ်းစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကို ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်နှင့် နိုင်ငံဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံး ညီညွတ်စွာ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း မှာကြားသည်။

ထို့နောက် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းရင်းသားရေးရာဆိုင်ရာ ဆောင်ရွက်ထားမှုများနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။

ပေါင်းစပ်ဆောင်ရွက်ပေး

ယင်းနောက် ဝန်ထမ်းများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေး ပေါင်းစပ်ဆောင်ရွက်ပေးပြီး ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးထံ တောင်ကြီးတက္ကသိုလ်နှင့် တောင်ကြီးပညာရေးကောလိပ်တွင် ထားရှိနိုင်ရန်အတွက် ရခိုင်သမိုင်းဆိုင်ရာစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်