Skip to main content

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပုသိမ်  စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် အခြားကဏ္ဍ အသီးသီးကိုလည်း လစ်ဟင်းမှုမရှိစေရန်အားထုတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါထိန်းချုပ်ရေး ကာလနှင့် ရောဂါလွန်ကာလများတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အသင့်အနေအထား ရှိစေရေးနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် အတွက်လည်းကောင်း၊ ကိုဗစ်-၁၉ရောဂါ မြန်မာပြည်မှာ စတင်ဖြစ်ပွားချိန်ကစ၍ တိုင်းဒေသကြီး အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းများကို ခေတ္တလုပ်ငန်း ဆောင်ရွက်မှု ရပ်နားစေ ခဲ့ရပါကြောင်း၊ ဒီလိုလုပ်ငန်းရပ်ဆိုင်းထားခြင်း၊ ခရီးသွားမှု ကန့်သတ်ခြင်းများကြောင့် ဒေသတွင်း ခရီးသွား လုပ်ငန်းများ လုံးဝနီးပါးရပ်ဆိုင်းသွားခဲ့ရပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း အပေါ် မှီခိုနေရသည့် ဝန်ထမ်းများ၊ အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘဝ အခြေအနေများ ထိခိုက်မှု ရှိခဲ့ပါကြောင်း၊ ယခုအခါ အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများအပြင် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့်  ယခု အစည်းအဝေးမှ ဆောင်ရွက်သင့်သည်များကို ထည့်သွင်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ (၃/၂၀၂၀) အစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး နိုင်ငံတော် ဓာတ်အားလိုင်းမှ ငွေဆောင်ဟိုတယ်ဇုံသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးကိစ္စ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ခရိုင်/မြို့နယ် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နိုင်ရန်နှင့် (Destination Management Organization – DMO) များ ဖွဲ့စည်းဆောင်ရွက်ရန်ကိစ္စ၊ Hotel Guest List Management System (HGLMS)စနစ်ကို ဇွန် လဆန်းတွင် စတင်အသုံးပြုရန်နှင့် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးအတွင်း ဆက်စပ်ဌာနများနှင့် ဟိုတယ်၊ တည်းခိုရိပ်သာ များအား သင်တန်းလေ့ကျင့် သင်ကြားပေးနိုင်ရေးအတွက် ကော်မတီ၏ လမ်းညွှန်မှုခံယူခြင်း၊ ငွေဆောင်၊ ချောင်းသာ ကမ်းခြေဒေသများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး ပိုစတာများ စိုက်ထူနိုင်ရေး ကိစ္စများအား တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး တင်ပြကြကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)