Skip to main content

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ (၁/၂၀၂၄) ကြိမ်မြောက်အစည်းအဝေး ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၁/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနဥပဒေအကြံပေးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးကကော်မရှင်အနေဖြင့် ဈေးကွက်တွင် ပါဝင်သူများအား စည်းမျဉ်းထိန်းကျောင်းမှုသာမက ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ရန်၊ အခြားငွေချေးသက်သေခံလက်မှတ် အမျိုးအစားများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရာတွင် လက်ရှိအစိုးရငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်များ၏ ဒုတိယဈေးကွက်(Secondary Market) ဖွံ့ဖြိုးတိုးတက်ရေးသာမက အခြားအာဆီယံနိုင်ငံများကဲ့သို့ Green Bond/Social Bond စသည်ဖြင့် ထုတ်ဝေရောင်းချမှုများကိုလေ့လာ၍ ကော်ပိုရိတ်ငွေချေးစာချုပ်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်မှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေသကဲ့သို့ MSME များ ရန်ပုံငွေရရှိရေးအတွက် စာရင်းဝင်အကြို ဈေးကွက်မှတစ်ဆင့်ဆောင်ရွက်နိုင်ရေးပံ့ပိုးပေးရန်၊ ထို့ပြင် လက်ရှိဥပဒေ၊ နည်းဥပဒေများကို ပြန်လည်သုံးသပ်၍ ဈေးကွက်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမည့်ပုဒ်မများ ပြင်ဆင်ဖြည့်စွက်နိုင်ရေးသုံးသပ်ရန်နှင့် အခြားနိုင်ငံများ၏ ဆောင်ရွက်ချက်များကိုလေ့လာ၍ မိမိနိုင်ငံတွင် အဆိုပါဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မည်သို့ဆောင်ရွက်မည်ကို သုံးသပ်တင်ပြကြရန်လိုအပ်ကြောင်း၊ ကော်မရှင်မှ အာဆီယံ အရင်းအနှီးဈေးကွက်ဖိုရမ်တွင် ပုံမှန်ပါဝင်တက်ရောက်ခြင်းဖြင့် ဒေသတွင်းဆောင်ရွက်ချက်များကို မျက်ခြည်မပြတ်လေ့လာပြီး သုတေသနပြုလုပ်၍ ဆောင်ရွက်သင့်သည်များကို တင်ပြဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများသို့ သွားရောက်စစ်ဆေးမှုမှတွေ့ရှိချက်များ၊ ငွေတိုက်လက်မှတ်၊ ငွေတိုက်စာချုပ်ရောင်းဝယ်မှုအခြေအနေ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဆောင်ရွက်ချက်များ၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange - YSX) စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ်အခြေအနေနှင့် စာရင်းဝင်ကုမ္ပဏီများတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုအခြေအနေများကို တင်ပြဆွေးနွေးရာအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကြပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်