နေပြည်တော် ဇန်နဝါရီ ၁၃
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အားကစားရုံတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး ပဉ္စမနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။
အမျိုးသားပိုက်ကျော်ခြင်း နှစ်ယောက်တွဲပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံတွင် ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ကြည့်ရှုအားပေးကြသည်။
အဆိုပါ အမျိုးသားပိုက်ကျော် ခြင်းနှစ်ယောက်တွဲပြိုင်ပွဲ ပွဲစဉ်များအပြီးတွင် စစ်ကိုင်းတက္ကသိုလ်အသင်းက ပထမ၊ ပဲခူးတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး ရတနာပုံတက္ကသိုလ်အသင်းနှင့် မော်လမြိုင်တက္ကသိုလ်အသင်းတို့က ပူးတွဲတတိယရရှိကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်းက အကောင်းဆုံးရိုက်ခုတ် ကစားသမားဆုရရှိသည့် ပဲခူးတက္ကသိုလ်မှ ကျောနံပါတ် ၁ မောင်ထင်လင်းနောင်ကို လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦးက အကောင်းဆုံးပင့်ထောင် ကစားသမားဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ ကျောနံပါတ် ၄ မောင်အောင်မျိုးကျော်ကိုလည်းကောင်း၊ တက္ကသိုလ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ကျောနံပါတ် ၉ မောင်အောင်အောင်ကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အမျိုးသားပိုက်ကျော် ခြင်းတံခွန်စိုက်ဒိုင်းဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်အသင်းကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
တက္ကသိုလ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံတွင်လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံတွင်လည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲကို လေ့ကျင့်ရေးကွင်းအမှတ် ၁ နှင့် ကွင်းအမှတ် ၃ တွင်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်