နေပြည်တော် ဇန်နဝါရီ ၁၃
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)သို့ ရောက်ရှိပြီး စက်ရုံအတွင်း ရေနံဓာတ်ငွေ့ရည် (Liquified Petroleum Gas - LPG) လည်ပတ်ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက စက်ရုံလုံခြုံရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ စက်ပစ္စည်းကိရိယာများကို ကြိုတင်စစ်ဆေးပြုပြင်ခြင်းနှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျွမ်းကျင်ဝန်ထမ်းများ ခါးဆက်မပြတ်စေရေးအတွက် စီမံဆောင်ရွက်သွားကြရန်၊ ရတနာစုကုမ္ပဏီအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ယနေ့အထိ ဒေသဖွံ့ဖြိုးရေးအတွက် CSR လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုကို အသိအမှတ်ပြုပါကြောင်း၊ ဆက်လက်၍ ဒေသအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ရွေးချယ်ဆောင်ရွက်သွားစေလိုကြောင်း၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်ပတ်သက်၍လည်း တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က ဝန်ထမ်းများကို အမှတ်တရသစ်သီးခြင်းနှင့် အင်အားဖြည့် အစားအစာများပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ အများပြည်သူသို့ စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ စက်သုံးဆီများ၏ အရည်အသွေးနှင့် အချင်အတွယ်ပြည့်မီစေရေး၊ ဝန်ဆောင်မှုကောင်းမွန်စေရေး၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)သည် သဘာဝဓာတ်ငွေ့မှရေနံဓာတ်ငွေ့ရည် (Liquified Petroleum Gas - LPG) တစ်ရက်လျှင် တန် ၃၀ ထုတ်လုပ်ဖြန့်ဖြူးနေသော စက်ရုံတစ်ရုံဖြစ်ပြီး ရေနံဓာတ်ငွေ့ရည်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ခြင်းဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်သကဲ့သို့ ထင်း၊ မီးသွေးလောင်စာသုံးစွဲမှုကိုလည်း လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်