Skip to main content

ဒုတိယဝန်ကြီး ဦးမင်းမင်း မြန်မာဆန်စပါးအွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသည့် ဆန်သိုလှောင်ရုံများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇန်နဝါရီ ၁၃

ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သည့်လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရေးနှင့် ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုအား Online မှ မှတ်ပုံတင်ခြင်းစနစ် (Myanmar Rice Online - MyRo)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစနစ်ဖြင့် ကုမ္ပဏီ/ လူပုဂ္ဂိုလ်များမှ မှတ်ပုံတင်ထားသည့် သိုလှောင်ရုံများအနက်မှ လှိုင်သာယာမြို့နယ်ရှိ MyRo စနစ်ဖြင့် မှတ်ပုံတင်ထားသော သိုလှောင်ရုံများကို ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်စစ်ဆေးရာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ဆန်၊ စပါးသိုလှောင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ရန်ကုန်မြို့ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်တွင် Warehouse Registration ဆောင်ရွက်ပုံအဆင့်ဆင့်ကို သိုလှောင်ရုံများ၊ ပြည်ပတင်ပို့သည့်ကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းများ၊ ဆန်လက်လီ/လက်ကားအရောင်းဆိုင်များက မှတ်ပုံတင်ခြင်းကို ကဏ္ဍအလိုက် ရှင်းလင်းပြသပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တာဝန်ရှိသူများက အသုံးပြုရာတွင် လိုအပ်သည့်အချက်များကို ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

Online မှ မှတ်ပုံတင်ခြင်းစနစ်(Myanmar Rice Online - MyRo) ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ သိုလှောင်ရုံ ၁၉၃ လုံးကို မှတ်ပုံတင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်