Skip to main content

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၂

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့၌ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စတုတ္ထနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။

အမျိုးသားဘောလုံးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ် (၃) ၌ တောင်ကြီးဇုန်အသင်းနှင့် ရန်ကုန်ဇုန်အသင်း၊ ဒဂုံဇုန်အသင်းနှင့် မော်လမြိုင်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါ အမျိုးသားဘောလုံးပွဲစဉ်တွင် တောင်ကြီးဇုန်အသင်းနှင့် ရန်ကုန်ဇုန်အသင်းတို့သည် တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျခဲ့ပြီး မော်လမြိုင်ဇုန်အသင်းက ဒဂုံဇုန်အသင်းကို လေးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ထို့အတူ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်အဖြစ် အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသားသုံးဆင့်ခုန်ပြိုင်ပွဲနှင့် အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲ၊ အမျိုးသမီးလှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား မီတာ ၄၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲနှင့် အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲများကို ကျင်းပကြသည်။

ယင်းပြိုင်ပွဲများ၏ အမျိုးသားမီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် မောင်စောရန်နိုင် (ဟင်္သာတတက္ကသိုလ်) က ပထမ၊ မောင်ကောင်းခန့်ဇော် (တောင်ငူတက္ကသိုလ်) က ဒုတိယ၊ မောင်အောင်ကျော်မင်း (ဒဂုံတက္ကသိုလ်) က တတိယ၊ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် မဆုချမ်းမြေ့ကျော် (ဒဂုံတက္ကသိုလ်) က ပထမ၊ မသိမ့်သဉ္ဇာဦး (ဒဂုံတက္ကသိုလ်) က ဒုတိယ၊ မသီရိညို (စစ်ကိုင်းပညာရေး တက္ကသိုလ်) ကတတိယ၊ အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် မောင်ကျော်လွင်ဦး (ဟင်္သာတ တက္ကသိုလ်) က ပထမ၊ မောင်ကောင်းမြတ်ကျော် (မော်လမြိုင်တက္ကသိုလ်) က ဒုတိယ၊ မောင်ခန့်ဝဿန်ဝင်းလွင် (တောင်ကြီးတက္ကသိုလ်) က တတိယ၊ အမျိုးသမီးမီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် မသီရိနိုင် (ရတနာပုံတက္ကသိုလ်) က ပထမ၊ မယိမ်းတန့် (မြစ်ကြီးနားတက္ကသိုလ်) က ဒုတိယ၊ မဖြိုးဖြိုးအောင် (တောင်ကြီးတက္ကသိုလ်) က တတိယ၊ အမျိုးသားသုံးဆင့် ခုန်ပြိုင်ပွဲတွင် မောင်ဝေယံကျော် (ဟင်္သာတတက္ကသိုလ်) က ပထမ၊ မောင်ဟိန်းမင်းထက် (တောင်ကြီးတက္ကသိုလ်) က ဒုတိယ၊ မောင်နေဝင်းဦး (ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်) က တတိယ၊ အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲတွင် မအေးအေးဖြူ (တောင်ကြီးတက္ကသိုလ်) က ပထမ၊ မခင်မိုးဝေ (တောင်ကြီးတက္ကသိုလ်)  က ဒုတိယ၊ မထက်ထက်နိုင် (မိတ္ထီလာတက္ကသိုလ်) က တတိယဆု ရရှိကြသည်။

ထို့ပြင် အမျိုးသားလှံတံပစ် ပြိုင်ပွဲတွင် မောင်နန်းထက်မောင် (မန္တလာတက္ကသိုလ်) က ပထမ၊ မောင်ချမ်းငြိမ်း (ရန်ကုန်ပညာရေးတက္ကသိုလ်) က ဒုတိယ၊ မောင်အောင်ဖုန်းမြင့် (မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်) က တတိယ၊ အမျိုးသမီးလှံတံပစ်ပြိုင်ပွဲတွင် မဇာနည်ဝင်း (ဒဂုံတက္ကသိုလ်) က ပထမ၊ မအိရွှေစင် (ဒဂုံတက္ကသိုလ်) က ဒုတိယ၊ မသက်ထက်သံစဉ် (ဘားအံတက္ကသိုလ်) က တတိယ၊ အမျိုးသားမီတာ ၄၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင် ရတနာပုံ တက္ကသိုလ်အသင်းက ပထမ၊ ဒဂုံတက္ကသိုလ်အသင်းက ဒုတိယ၊ တောင်ကြီးတက္ကသိုလ်အသင်းက တတိယ၊ အမျိုးသမီးမီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ ဒဂုံတက္ကသိုလ်အသင်းက ဒုတိယနှင့် မော်လမြိုင်တက္ကသိုလ်အသင်းက တတိယဆုရရှိခဲ့ကြ သည်။

အဆိုပါ ပြိုင်ပွဲများအပြီးတွင် တာဝန်ရှိသူများသည် ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အလားတူ တက္ကသိုလ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲများကို နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံ၌လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးစားပွဲတင်တင်းနစ်ပြိုင်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌လည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်