Skip to main content

အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးနှင့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၂

အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ခိုးကူးဖြန့်ချိခြင်းတားဆီးရေး

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားရာတွင် အနုပညာဆိုင်ရာ ဆောင်ရွက်မှုတွင် အခြေအနေနှင့်ကိုက်ညီစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းပလက်ဖောင်းတွင် ခိုးယူပြသနေသည့် မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို ဥပဒေအရ ဖော်ထုတ်အရေးယူ‌ဆောင်ရွက်နိုင်မှုတွင်လည်း ထိရောက်အောင်မြင်မှုကို တွေ့ရှိရကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်ဇာတ်ကားများကို ဆင်ဆာမူဝါဒနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပြီး တရားမဝင်ခိုးကူး ဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း။

ရုပ်ရှင်ရုံအတွင်း ဖုန်းဖြင့်ဇာတ်ကားများခိုးကူးမှုတွင် စောင့်ကြည့်မှုနှင့်အတူ ရုပ်ရှင်ရုံများမှတာဝန်ရှိသူများနှင့် အနုပညာကို ပုံဖော်ဖန်တီးကြသည့် မူလပိုင်ရှင်များကလည်း ပူးပေါင်းကာကွယ်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ရုပ်ရှင်ရုံအတွင်းမှ မြန်မာ့ရုပ်ရှင်များ ခိုးကူးနေမှုကို အများပြည်သူသိရှိနိုင်ရန် ရုပ်ရှင်ရုံအတွင်း အသိပညာပေးပြသခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ခိုးကူးရုပ်ရှင်များ ဖြန့်ချိပြသနေမှု ထိန်းသိမ်းနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ တရားမဝင်ခိုးယူဖြန့်ချိမှုပပျောက်ရန် မတရားမှုများကို ဝိုင်းဝန်းတိုက်ဖျက်သွားရမည်ဖြစ်ပြီး ပပျောက်သွားရန် မည်သို့ကာကွယ်သွားမည်ကို တက်ရောက်သူများက အကြံပြုဆွေးနွေးသွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကာကွယ်တားဆီးရေးအဖွဲ့ခွဲများ ဖြစ်ကြသည့် ဆက်သွယ်တိုင်ကြားနိုင်ရေးအဖွဲ့ခွဲ၊ စောင့်ကြည့်စိစစ်လေ့လာရေးအဖွဲ့ခွဲ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့ခွဲ၊ အရေးယူဆောင်ရွက်ရေးအဖွဲ့ခွဲ၊ အသိပညာပေးရေးအဖွဲ့ခွဲနှင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ တာဝန်ရှိသူများ၊ အွန်လိုင်းမှတက်ရောက်သူများက ဆွေးနွေးတင်ပြကြသည်။

မွန်းလွဲပိုင်းတွင် အဆိုပါရုပ်ရှင် မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို ဆက်လက်ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ဇန်နဝါရီ ၅ ရက်က မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရေး ဦးစီးကော်မတီအစည်းအဝေးကို နေပြည်တော်၌ကျင်းပခဲ့ရာ သက်ဆိုင်သည့်အဖွဲ့အစည်းများက ရန်ကုန်မြို့မှ Zoom ဖြင့် တက်ရောက်ခဲ့ကြကြောင်း၊ ယနေ့တွင် ထိုအစည်းအဝေးဆုံးဖြတ်ချက်နှင့် ဆက်လက်ဆောင်ရွက်သွားကြမည့် လုပ်ငန်းတို့ကို ပြည့်စုံစွာဆွေးနွေးသွားရန်ဖြစ် ကြောင်း၊ ဖျော်ဖြေရေး၊ အခမ်းအနားပြင်ဆင်ရေး အပါအဝင် ဆက်လက်လုပ်ဆောင်သွားမည့် အပိုင်းတို့ကို ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။

ဆွေးနွေးတင်ပြ

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံးနှင့် သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အွန်လိုင်းမှတက်ရောက်သူများက ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌက ဆွေးနွေး တင်ပြမှုများအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်