Skip to main content

အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) အား အကောင်အထည်ဖော်ဆောင်မည့် မဟာဗျူဟာအစီအစဉ်များရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ရပ်၏ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၂

အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) အား အကောင်အထည်ဖော်ဆောင်မည့် မဟာဗျူဟာအစီအစဉ်များရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ရပ်၏ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးကို မြန်မာနိုင်ငံ၏ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဦးဆောင်ပြုလုပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၀) ကြိမ်မြောက် အစည်းအဝေး၌ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) အား “တက်ကြွ၍ ကြံ့ခိုင်မှုရှိသော ပြည်သူဗဟိုပြု အာဆီယံ” ဆောင်ပုဒ်ဖြင့် အပြီးသတ်ရေးဆွဲခဲ့ခြင်း အပါအဝင် အဆိုပါ မျှော်မှန်းချက် အကောင်အထည်ဖော်ဆောင်မည့် နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း မဟာဗျူဟာအစီအစဉ်၏ ဖြစ်ပေါ်တိုးတက်မှု၊ မဟာဗျူဟာအစီအစဉ်ရေးဆွဲမှုပုံစံနှင့် ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အာဆီယံ စီးပွားရေးအသိုက်အဝန်းနှင့် လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကဲ့သို့ အခြားသက်ဆိုင်ရာ အာဆီယံမဏ္ဍိုင်များအနေဖြင့်လည်း မဟာဗျူဟာအစီအစဉ်များရေးဆွဲရာတွင် မဏ္ဍိုင်အသီးသီးအောက်ရှိ သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် နီးကပ်စွာညှိနှိုင်းဆောင်ရွက်ရန် ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာအစီအစဉ်မူကြမ်း၏ အဆိုပြုလုပ်ငန်းအစီအစဉ်များအပေါ် ၎င်း၏သဘောထား အမြင်များကိုမျှဝေဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းအစီအစဉ်မူကြမ်းများအပေါ် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားရှုထောင့်အရသဘောထား အကြံပြုချက်များပေးပို့သွားရန် အရေးကြီးကြောင်းကို အလေးထားပြောကြားသည်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း မဟာဗျူဟာအစီအစဉ်၏ မဟာဗျူဟာရည်မှန်းချက်များအောက်ရှိ အဆိုပြုလုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ကိုယ်စားလှယ်များအကြား အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ၎င်းတို့၏ အတွေးအမြင်များကို ပွင့်လင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြသည်။ အလားတူ အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းတို့မှ ကိုယ်စားလှယ်များက အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) ၏ သက်ဆိုင်ရာမဏ္ဍိုင်အလိုက် မဟာဗျူဟာအစီအစဉ်များ ရေးဆွဲထားရှိခြင်းဆိုင်ရာ လက်ရှိကာလအထိ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်