Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြို့ကုန်းကျေးရွာ စောနေလတန်ဖိုးမြင့် စားသောက် ကုန်ထုတ်လုပ်ငန်းများ အားပေးကြည့်ရှု

နေပြည်တော် ဇန်နဝါရီ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ကာ တန်ဖိုးမြင့်စားသောက်ကုန်များ ထုတ်လုပ်နေသော ဥယျာဉ်စုကျေးရွာအုပ်စု မြို့ကုန်းကျေးရွာရှိ စောနေလ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ကြည့်ရှုအားပေးစဉ် လုပ်ငန်းရှင် ဦးသူရိန်က ဆီးတော်ဖီ၊ သရက်သီးသနပ်၊ သရက်ပျဉ်၊ သံပရာသီး သနပ်၊ သံပရာယို၊ နနွင်းမှုန့်၊ ‌တောရှောက်ပျားရည်နှင့် ငရုတ်သီးနှမ်းကပ်ကြော် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တန်ဖိုးမြင့်ထုတ်ကုန်များ ပိုမိုအဆင့်မီစွာ ထုတ်လုပ်နိုင်ရေးအတွက် မိမိတို့ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒေသတွင်းတောင်သူများ၏ ထွက်ကုန် သီးနှံများကိုလည်း ဝယ်ယူအသုံးပြုသွားရေး တိုက်တွန်းမှာကြားပြီး စားသောက်ကုန်ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြို့ကုန်း ကျေးရွာ စုပေါင်းခန်းမတွင် ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံကာ ကျေးရွာတွင် စပါးစိုက်ဧက ၁၀၀ ကျော်ရှိသဖြင့် စိုက်ပျိုးရေးသမဝါယမ အသင်းများဖွဲ့စည်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်တိုးစပါးမျိုးများ စိုက်ပျိုးသွားကြရေး၊ ဆီထွက်သီးနှံ မြေပဲနှင့်နှမ်း အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရေး၊ မိမိတို့ဝန်ကြီးဌာနက အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သော မုန့်လုပ်နည်းသင်တန်း တက်‌ရောက်ခဲ့သည့် သင်တန်းသား သင်တန်းသူများအနေဖြင့် ထောက်ပံ့ပေးထားသော စက်ပစ္စည်းများဖြင့် စီးပွားဖြစ် ထုတ်လုပ်ရောင်းချသွားနိုင်‌ရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့ နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အိမ်ခြေ ၂၁၅ အိမ်၊ လူဦးရေ ၉၄၂ ဦးအတွက် အကျိုးပြုသည့် လေးလက်မတွင်းနက်တူးဖော်ပြီးစီးမှု၊ ရေဂါလန် ၂၄၀၀ ဆံ့ အမြင့်‌‌ရေစင် တည်ဆောက်ပြီးစီးမှု၊ ပေ ၇၀၀၀ ရေပိုက်လိုင်းသွယ်တန်းပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ နေပြည်တော်သို့ လေ့လာရေးခရီးလာရောက်ကြမည့် သင်တန်းသားသင်တန်းသူများ တည်းခိုနေထိုင်ရန် စီစဉ်ထားသော ရွာတော်တည်းခိုရေးစခန်းသို့ သွားရောက်၍ စုဝေးခန်းမ ဆောင်၊ အိပ်ဆောင်များ၊ ထမင်းစားဆောင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် နေရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေး လိုအပ်သည်များညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်