ရန်ကုန် ဇန်နဝါရီ ၁၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် နှစ် (၆၀) ပြည့် အခမ်းအနားသို့ တက်ရောက်ကာ ကျောင်းသားကျောင်းသူများ၏ အထူးပြုဘာသာစကားအလိုက် ရိုးရာအစားအစာနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှစ် (၆၀) ပြည့် အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရာစုနှစ်ခြောက်ခုတိုင်အောင် နိုင်ငံတကာနှင့် မိမိကျောင်းသား ကျောင်းသူများ၏ လေ့လာဆည်းပူးပုံဖော်လိုသည့် စိတ်ဆန္ဒများကို ဖြည့်စွမ်းပေးနိုင်ခြင်း၊ မိမိနိုင်ငံနှင့် နိုင်ငံတကာအကြား ယဉ်ကျေးမှုဆိုင်ရာနားလည်မှုကို မြှင့်တင်ပေးနိုင်ခြင်းတို့ကြောင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မိသားစု၏ကြိုးပမ်းအားထုတ်မှုကို လေးစားဂုဏ်ပြုပါကြောင်း၊ ယနေ့သမိုင်းမှတ်တိုင်တစ်ခုမှဆက်လက်၍ နိုင်ငံတကာနှင့် ဆက်သွယ်ပေါင်းကူးသည့် နိုင်ငံခြား ဘာသာစကားများကို လေ့ကျင့်ပျိုးထောင်ပေးသည့် ပင်မရင်းမြစ်ကြီးအဖြစ် နှစ်ပေါင်းရာထောင်ချီတိုင် ရပ်တည်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အခမ်းအနားကို သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန(ရန်ကုန်ရုံးခွဲ)သို့ရောက်ရှိကာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာစာပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(၂၀၂၃-၂၀၂၈) ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးသည်။
ထိုသို့ဆွေးနွေးရာတွင် ဒုတိယဝန်ကြီးက မြန်မာဘာသာစကားအတွက် ကွန်ပျူတာ၏ ဘာသာစကား စွမ်းဆောင်မှုနည်းပညာ (Natural Language Processing-NLP) လုပ်ငန်းစဉ်များတိုးချဲ့ခြင်း၊ မြန်မာစာကို အွန်လိုင်းဆက်သွယ်ရေးကွန်ရက် (Cyberspace)တွင် အခြားဘာသာစကားများနည်းတူ အသုံးပြုနိုင်ရေးအတွက်ဆောင်ရွက်ခြင်း၊ စက်ဘာသာပြန် (Machine Translation) စနစ်တည်ဆောက်ခြင်း၊ စကားသံကို ကွန်ပျူတာစက်က အလိုအလျောက်သိရှိ နားလည်မှုစနစ် Automatic Speech Recognition စနစ်တည်ဆောက်ခြင်း၊ ဉာဏ်ရည်တု (Artificial Intelligence-AI) နည်းပညာကို မြန်မာရေးထုံးမူများ နှင့်ချိတ်ဆက်၍ ကျယ်ပြန့်စွာ အသုံးချခြင်းလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် တိုက်တွန်းပြောကြားပြီး ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် စိတ်ချမ်းမြေ့စေရေး၊ အဆင်ပြေချောမွေ့စေရေးအတွက် တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်