Skip to main content

ဒုတိယဝန်ကြီး ဦးအေးကျော် ပုသိမ်မြို့ရှိ ၂၃၀ ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ၂၃၀ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရုံးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ရှိ ၂၃၀ ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံ၏ (Switch Yard) အတွင်း ၂၃၀ ကေဗွီ၊ ၅၀ အမ်ဗွီအေထရန်စဖော်မာအတွက် Switch Bay အသစ်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ထရန်စဖော်မာဝန်အားကို အမြဲစိစစ်၍ မှတ်တမ်းထားရှိရန်၊ ဓာတ်အားလွှတ် ပစ္စည်းများအား ပုံမှန်စစ်ဆေး၍ လိုအပ်ပါက ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများကို ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က ဝန်ထမ်းများအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဓာတ်အားခ ငွေများ အလွဲသုံးစားမှုမဖြစ်ပေါ်စေရေးနှင့် အပြည့်အဝကောက်ခံရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဘတ်ဂျက်ပါလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်