Skip to main content

ပျော်ဘွယ်မြို့နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည့် ပဒေသာတံဆိပ် မုန့်ကြွပ်လုပ်ငန်း

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်မှ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေသည့် ပဒေသာမုန့်ကြွပ်လုပ်ငန်း၏ ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေကို မုန့်ကြွပ်လုပ်ငန်းရှင် ဦးတင်ရွှေ၏သား ဦးတင်မောင်ထွန်းအား သွားရောက်တွေ့ဆုံ မေးမြန်းထားမှုကို ဖော်ပြလိုက်ရပါသည်-

မေး။ ။ ပဒေသာမုန့်ကြွပ်လုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံကို ရှင်းပြပေးပါ။

ဖြေ။ ။ ပဒေသာမုန့်ကြွပ်လုပ်ငန်းကို ၁၉၆၇ ခုနှစ်ကတည်းက ဘိုးဘွားများလက်ထက်မှာ ရွှေဥဒေါင်းအမည်နဲ့ စတင်ဆောင်ရွက်ခဲ့ရာမှ လက်ရှိသားသမီး၊ မြေးတွေလက်ထက်မှာ ပဒေသာအမည်နဲ့ ထပ်မံတိုးချဲ့လုပ်ကိုင်ဆောင်ရွက်လာတာဖြစ်ပါတယ်။

မေး။ ။ အခုဈေးကွက်မှာ ဝယ်ယူရရှိနိုင်အောင် ထုတ်လုပ်ထားတဲ့ မုန့်အမျိုးအစားကို သိပါရစေ။

ဖြေ။ ။ မုန့်ကြွပ်ထုတ်လုပ်မှု အမျိုးအစားအားဖြင့် နို့မုန့်ကြွပ်၊ ထောပတ်မုန့်ကြွပ်၊ ဆီးချိုသမားစားတဲ့မုန့်ကြွပ်၊ မုန့်ကြွပ်ခြောက်၊ ကြိတ်သားဘီးကုတ်မုန့်ကြွပ်၊ မုန့်ကြွပ်ချောင်းဆိုပြီး ခြောက်မျိုး ထုတ်လုပ်ရောင်းချပေးပါတယ်။

မေး။ ။လက်ရှိဈေးကွက်အတွင်း ရောင်းချပေးရာမှာ မုန့်အမျိုးအစားအလိုက် ဈေးနှုန်းလည်း သိပါရစေ။

ဖြေ။ ။ လက်ရှိ ဈေးကွက်မှာရောင်းချပေးတာက ပျော်ဘွယ်မြို့ ပြည်ထောင်စုကားလမ်းမဘေးမှာ ဆိုင်ခန်းဖွင့်လှစ်ပြီး ရောင်းချပေးပါတယ်။ မုန့်အမျိုးအစားအလိုက် ဈေးနှုန်းကတော့ နို့မုန့်ကြွပ်တစ်ထုပ် ငွေကျပ် ၂၅၀၀၊ ထောပတ်မုန့်ကြွပ်တစ်ထုပ် ငွေကျပ် ၂၃၀၀၊ ဆီးချိုသမားစားတဲ့ မုန့်ကြွပ်တစ်ထုပ်ငွေကျပ် ၂၀၀၀၊ မုန့်ကြွပ်ခြောက် တစ်ထုပ်ငွေကျပ် ၂၀၀၀၊ ဘီးကုတ်မုန့်ကြွပ်တစ်ထုပ် ငွေကျပ် ၁၂၀၀၊ မုန့်ကြွပ်ချောင်း (သေး)တစ်ထုပ်ငွေကျပ် ၁၀၀၀ စသဖြင့် ရောင်းချပေးပါတယ်။

မေး။ ။ ဘယ်လိုကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုတာလဲ၊ ပြုလုပ်ပုံအဆင့်ဆင့်ကို ပြည်သူတွေသိရှိစေဖို့ မျှဝေပေးစေချင်ပါတယ်။

ဖြေ။ ။ ကုန်ကြမ်းတွေကတော့ ဂျုံ၊ သကြား၊ ကြက်ဥ၊ နို့မှုန့်၊ ထောပတ်၊ ဆီ၊ မုန့်ပွဆေးစတာတွေကို အဓိကထားပြီး အသုံးပြုရပါတယ်။ မုန့်ကြွပ်ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ မုန့်ပွဆေးကို ညဦးပိုင်းကတည်းက အလျဉ်ဖောက်ရပါတယ်။ ဂျုံ ၁၅ ပိဿာလုပ်မယ်ဆိုရင် အဲဒါနဲ့လိုက်ဖက်တဲ့ သကြား၊ ကြက်ဥ၊ ထောပတ်၊ နို့မှုန့် စတာတွေကို အချိုးကျရောစပ်ရပါတယ်။ အမျိုးအစားမတူတဲ့အတွက် ရောစပ်မှုပုံစံလည်းမတူပါဘူး။

ပြီးလို့ရှိရင် ဂျုံအပါအဝင်ရောစပ်ပြီးသမျှကို မုန့်မွှေတဲ့ဆုံမှာမွှေရပါတယ်။ အဲဒီအခါမှာ မုန့်သားရလာပါတယ်။ ရလာတဲ့မုန့်သားတွေကို လုပ်သားတွေက သတ်မှတ်ထားတဲ့ပုံစံဖြစ်တဲ့ မုန့်ကြွပ်ချောင်း၊ မုန့်ကြွပ်ပြား၊ ဘီးကုတ်ပုံစံစတာတွေကို လှီးဖြတ်ပြီး မီးဖုတ်တဲ့လင်ပန်းပေါ်မှာ စီစီညီညီတင်ပေးရပါတယ်။ မုန့်သားပွလာပြီဆိုရင်တော့ မီးဖိုမှာရှိတဲ့လုပ်သားက အဲဒီမုန့်လင်ပန်းတွေကို မီးဖိုထဲမှာအချိန်ခဏကြာ ထည့်ကင်ပေးရပါတယ်။ အချိန်ခဏကြာပြီးနောက်မှာ မုန့်ကြွပ်အစိုကို ရရှိလာပါတယ်။ ရရှိလာတဲ့ မုန့်ကြွပ်အစိုကို လုပ်သားတွေက တစ်ခုချင်းစီပြန်ခွာပေးရပါတယ်။ ပြန်ခွာလို့ရလာတဲ့ မုန့်ကြွပ်အစိုကို လင်ပန်းပေါ်မှာတင်ပြီး မီးကင်တဲ့မီးဖိုမှာ မုန့်ကြွပ်ဖြစ်ဖို့အတွက် ဆက်လက်လုပ်ဆောင်ရပါတယ်။

မုန့်ကြွပ်အစိုရဖို့အတွက် အသုံးပြုရတဲ့မီးဖိုနဲ့ မုန့်ကြွပ်ဖြစ်ဖို့မီးကင်တဲ့ မီးဖိုနှစ်ခုကကွာခြားမှုရှိပါတယ်။ အပူပေးမှုနှုန်းလည်းမတူပါဘူး။ အသုံးပြုပုံချင်းလည်း မတူပါဘူး။ မုန့်ကြွပ်ရလာပြီဆိုရင် ရောင်းချဖို့အတွက် လုပ်သားတွေက ထုပ်ပိုးမှုတွေလုပ်ဆောင်ရပါတယ်။ ပြီးရင်မုန့်ထည့်တဲ့ ကတ်ပုံးတွေထဲကိုထည့်ပြီး သက်ဆိုင်ရာဈေးကွက်တွေကို ပို့ဆောင်ပေးရပါတယ်။

မေး။ ။ မုန့်တိုက်က တစ်နေ့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအခြေအနေနဲ့ အဓိကဘယ်လိုနေရာတွေကို တင်ပို့ရောင်းချနေသလဲဆိုတာ သိပါရစေ။

ဖြေ။ ။ တစ်နေ့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအနေနဲ့ မုန့်ကြွပ်ထုတ်ရေ ၁၀၀၀ ကနေ ၁၅၀၀ ကြားကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး အဓိကတော့ ပျော်ဘွယ်မြို့ရဲ့ အမှတ်တရလက်ဆောင်မုန့်တစ်ခုအနေနဲ့ ထုတ်လုပ်ရောင်းချပေးတာပါ။ ဒေသခံမြို့သူမြို့သားတွေ ခရီးသွားတဲ့အခါ မိမိဒေသရဲ့ လက်ဆောင်မုန့်တစ်ခုအဖြစ် ဝယ်ယူသွားကြတယ်။ နောက်ပြီး မြို့ကိုရောက်ရှိလာကြတဲ့ ခရီးသွားပြည်သူတွေလည်း လက်ဆောင်မုန့်အနေနဲ့ လာရောက်ဝယ်ယူကြတယ်။ ပျော်ဘွယ်မြို့အပြင် အောင်ပန်း၊ ကလော၊ တောင်ကြီး၊ ရွှေညောင်၊ ရမည်းသင်း၊ တပ်ကုန်း၊ ပျဉ်းမနား၊ တောင်ငူ၊ ဖြူး၊ ပဲခူး၊ ရန်ကုန်မြို့တွေမှာပါ မုန့်ဆိုင်အရောက် ဖြန့်ဖြူးရောင်းချပေးနေပါတယ်။

မေး။ ။ မုန့်ကြွပ်လုပ်ငန်း လည်ပတ်မှုအတွက် ဝန်ထမ်းဦးရေ ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ မုန့်ကြွပ်လုပ်ငန်းမှာတော့ ဝန်ထမ်းဦးရေ ကျွန်တော်အပါအဝင် အမျိုးသား အမျိုးသမီး စုစုပေါင်း ၄၀ ရှိပါတယ်။

မေး။ ။ ကိုယ်ပိုင်လုပ်ငန်းလေးကနေ စတင်ပြီး MSME လုပ်ငန်းအထိဖြစ်အောင် အသေးစား စက်မှုလက်မှုလုပ်ငန်းအဖြစ် မှတ်ပုံတင်ထားရှိမှုကိုလည်း သိပါရစေ။

ဖြေ။ ။ ပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင်အမှတ် မတလ/လတ် /၂၂၈၁ ဖြစ်ပါတယ်။ ပျော်ဘွယ်မြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများအနက် မုန့်ကြွပ်လုပ်ငန်းသည် မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်ရေးနှင့် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်သည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

တွေ့ဆုံမေးမြန်း - စန်းစန်းကြူ

ဓာတ်ပုံ -မင်းမင်းထွေး(ပျော်ဘွယ်)