နေပြည်တော် ဇန်နဝါရီ ၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြောင်းမြခရိုင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကြပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် မြောင်းမြမြို့ရှိ ၆၆ ကေဗွီဓာတ်အားခွဲရုံ၏ လက်ရှိဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီယာက ဘတ်ဂျက်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဘတ်ဂျက်ပါလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ အသစ်တိုးချဲ့တည်ဆောက်မည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ လျာထားဆောင်ရွက်ရာတွင် မြေပိုင်ဆိုင်မှုရရှိရေး သက်ဆိုင်ရာဌာနများသို့ အဆင့်ဆင့်တင်ပြခွင့်ပြုချက် ရယူပြီးမှသာ ဆောင်ရွက်ကြရန် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီပန်းတနော် ပင်မဓာတ်အားခွဲရုံ စီမံကိန်း လျာထားမြေနေရာတွင် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်ရှိ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ရုံးလုပ်ငန်းဆိုင်ရာစာရွက်စာတမ်း မှတ်တမ်းရေးသွင်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့ရှိ ၆၆ ကေဗွီဓာတ်အားခွဲရုံ၏ လက်ရှိ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် (Switch Yard)အတွင်းရှိ ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်