Skip to main content

အတ္တရံမြစ်ကူး (စံပယ်ဂူ) တံတားစီမံကိန်းနှင့် မော်လမြိုင်မြို့ ကျိုက်သလ္လံဘုရားကုန်းတော်နှင့် စေတီတော် ရေရှည်တည်တံ့ရေး အတွက် တည်ဆောက်ရေးလုပ်ငန်းများ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၃၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့နံနက်ပိုင်းတွင် ကျိုက်မရော - စံပယ်ဂူ - ကော့ပနော လမ်းပေါ်ရှိ အတ္တရံမြစ်ကူး (စံပယ်ဂူ)တံတား တည်ဆောက်ရေး စီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ စီမံကိန်းတံတား ရှင်းလင်းဆောင်တွင် တံတားအထူးအဖွဲ့ (၁၄) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်မိုးလွင်က တံတားစီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေ များအား ပါဝါပွိုင့် ဖြင့်လည်းကောင်း၊ ယင်းနောက် တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့် ကတံတား၏ Structural Design နှင့် ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းသည်။

ထို့နောက် ဒုတိယဝန်ကြီးက ကြိုးတင်းအားများနှင့် ပတ်သက်၍လည်းကောင်း၊ Bearing များ၊ Expansion Joint များနှင့် ပတ်သက်၍ လည်းကောင်း ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့ပြီး တံတား လုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

အတ္တရံမြစ်ကူး (စံပယ်ဂူ) တံတားသည် အရှည် ၆၄၄ ဒသမ ၁ မီတာ ၊ ယာဉ်သွားလမ်း အကျယ် ၇ ဒသမ ၂၀ မီတာ နှစ်လမ်းသွား အမျိုးအစားဖြစ်ပြီး ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည်နှင့် တံတား အပေါ်ထည်မှာ ပင်မတံတားမှ သံမဏိသံပေါင်ခုံ တံတားနှင့် ချဉ်းကပ်တံတားမှ သံကူကွန်ကရစ် ရက်မနှင့် ကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတားစီမံကိန်းကို ယခုအခါ တံတား တစ်စင်းလုံး၏ ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ တံတားပြီးစီးသွားပါက ကျိုက်မရောမြို့ပေါ် လေးရပ်ကွက် အပါအဝင် မြစ်၏အရှေ့ဘက်ခြမ်း နှင့် အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၅၈ ရွာမှ လူဦးရေ နှစ်သိန်းကျော်ကို အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် မော်လမြိုင်မြို့ သမိုင်းဝင်ကျိုက်သလ္လံဘုရား ကုန်းတော်နှင့် စေတီတော် မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ဘုရားရင်ပြင်ပေါ်ရှိ ဓမ္မာရုံတွင် ဘုရားပြုပြင် တည်ဆောက်ရေး တာဝန်ခံက ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တည်ဆောက်ရေး ဇုန် (၁) နှင့် (၄) တွင် ဆောင်ရွက်လျက်ရှိသော Bored Pile အုတ်မြစ် တည်ဆောက်ခြင်း၊ Pile Capping Beam များ၊ အထက်ပိုင်း မြေကာနံရံ တည်ဆောက်ခြင်း၊ Ground Beam၊ Grid Beam များ ဆောင်ရွက်ခြင်း၊ Erossion Control Matt များ ဆောင်ရွက်ခြင်း၊ Ground Anchor ဆောင်ရွက်ပြီး မြက်စိုက်ခြင်းလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေမှုအား လည်းကောင်း၊ တည်ဆောက်ရေးဇုန်(၂) တွင် လည်း ကုန်းတော်မြေပြိုကျမှု ကာကွယ် ရန် Ground Beam များ၊ Erossion Control Matt ဆောင်ရွက်ခြင်း၊ အောက်ခြေ မြေကာနံရံများ တည်ဆောက်ခြင်း၊ မြက်စိုက်ခြင်းလုပ်ငန်းများ အားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေမှုအား လည်းကောင်း၊ တည်ဆောက်ရေးဇုန် (၃) တွင်လည်း Ground Beam၊ Grid Beam များ ဆောင်ရွက်ခြင်း၊ Erossion Control Matt များ ဆောင်ရွက်ခြင်း၊ Soil-nailing ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ ဇုန်တစ်ခုလုံး၏ ၇၁ ရာခိုင်နှုန်း ပြီးစီးနေမှုအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဘုရားရင်ပြင်တော်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်