နေပြည်တော် ဩဂုတ် ၃၁
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း၏ ရှေ့ပြေး ရလဒ်များ ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနအသီးသီးမှ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန် များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေ ကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO၊ INGO ၊ တက္ကသိုလ်များနှင့် လူမှုအဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူများသည် Online Meeting အဖြစ် Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို အနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်း နိုင်ရန် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan -MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများရရှိရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းလုပ်ငန်းစဉ်တွင် မူလက ရှေ့ပြေးရလဒ် ထုတ်ပြန်ရန် အစီအစဉ်ပါဝင်ခြင်းမရှိသော်လည်း လက်ရှိ အခြေအနေအရ ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ကုစားရေးလုပ်ငန်းစဉ် များတွင်အသုံးပြုရန် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ လိုအပ်နေသည့် စာရင်းအင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ရေးအတွက် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များကို ထုတ်ပြန်ပေးနိုင်ရေးအတွက် စီစဉ်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေး ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး / ပြည်နယ် / ခရိုင် / မြို့နယ် အဆင့်အထိ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
သန်းခေါင်စာရင်းမေးခွန်းပုံစံပြုစုရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြုစုခဲ့ပြီး အခြားဌာန အဖွဲ့အစည်းများ၏ လိုအပ်နေသည့် အချက်အလက်များကို အတတ်နိုင် ဆုံး ထည့်သွင်းကောက်ယူ ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် ယခင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအတွေ့အကြုံများကို အခြေခံ၍ ပိုမိုကောင်းမွန်သည့် ခေတ်မီနည်းပညာ များဖြင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ခြင်းကြောင့် အချိန်တိုအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြေပုံ ရေးဆွဲရာတွင် GIS နည်းပညာကိုအသုံးပြုခဲ့ပြီး စာရင်းကောက်ယူရာတွင်လည်း ခေတ်မီနည်းပညာ Computer - Assisted Personal Interviewing (CAPI) နည်းစနစ်ကို အသုံးပြုကာ Mobile Tablet များဖြင့် ကောက်ယူခဲ့ခြင်း ကြောင့် အချက်အလက် သွင်းသည့်အချိန်ကို လျှော့ချနိုင်ခဲ့ပါကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ခရိုင်အဆင့် ကိုယ်စားပြုအညွှန်း ကိန်းများ ရရှိနိုင်ရေး ရည်ရွယ်ကောက်ယူခဲ့ခြင်းဖြစ်ပြီး လူဦးရေဆိုင်ရာ မေးခွန်းများ၊ လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ဖြစ်သည့် ပညာရေးနှင့်လုပ်သားအင်အား မေးခွန်းများ၊ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ရွှေ့ပြောင်းသွား လာခြင်းစသည့် လူဦးရေ ပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအချက်များ၊ မသန်စွမ်းမှု၊ သက်ကြီးရွယ်အို၊ ဘဝပျော်ရွှင်မှု၊ အထောက် အပံ့ရရှိမှု စသည့်လူမှုဘဝလိုအပ်ချက်များကို ဖော်ထုတ် သည့် မေးခွန်းများ၊ အိမ်အကြောင်းအရာ၊ ရေ ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး စသည့် ဆက်စပ်မေးခွန်းများ မေးမြန်းခဲ့ခြင်းကြောင့် အညွှန်းကိန်း များစွာကို ဖော်ထုတ်ပံ့ပိုး ပေးနိုင်မည် ဖြစ်ပါကြောင်း။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း အချက်အလက်များသည် ကိုဗစ်-၁၉ နှင့် ကိုဗစ်-၁၉ အလွန်ကာလပြောင်းလဲ မှုများ၊ ကိုဗစ်-၁၉ ၏နောက်ဆက်တွဲ အကျိုးဆက်များကို ဆန်းစစ်လေ့လာ ရန်နှင့် ကုစားရေး လုပ်ငန်းစဉ်များ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များ အတွက် စနစ်တကျ အကောင်အထည်ဖော်ရာတွင် များစွာအထောက်အပံ့ဖြစ်စေနိုင်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော် အတွက်လိုအပ်နေသည့် လူမှုစီးပွားရေးဆိုင်ရာစာရင်းအင်း အချက်အလက်များ၏ ရှေ့ပြေးရလဒ်များကို အချိန်ကိုက်ပံ့ပိုးပေးနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိ ပါကြောင်းနှင့် ယခုရလဒ်များကို လူမှုစီးပွားရေးဆိုင်ရာ အကျိုးပြု လုပ်ငန်းများတွင် အသုံးပြုကြပါရန် တိုက်တွန်း ပါကြောင်း ရှင်းလင်း အမှာစကားပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ်က ကြားဖြတ်သန်းခေါင် စာရင်း ကောက်ယူရေး အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်ကို လည်းကောင်း ရှင်းလင်း ဆွေးနွေးသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး / ပြည်နယ်အသီးသီး၌ ခရိုင်အဆင့် အညွှန်းကိန်းများရရှိစေရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း ၃၉၆၀ ၊ အိမ်ထောင်စု ၁၃၂၀၉၂ စု၊ လူဦးရေ ၅၄၈၅၅၃ ဦးတို့ကို မေးခွန်းပေါင်း ၁၁၀ မေးမြန်း ကောက်ယူခဲ့ပြီး ကောက်ကွက်များ သတ်မှတ်ကောက်ယူခဲ့ ရာ ယခုအခါ ကြားဖြတ်သန်းခေါင်စာရင်း ရှေ့ပြေးရလဒ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပင်မအစီရင်ခံစာနှင့် သုတေသန စာတမ်းများ ဆက်လက် ထုတ်ပြန်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်