Skip to main content

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၃၁

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်သည် ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြား ရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများနှင့်‌ တွေ့ဆုံသည်။

ဒုတိယဝန်ကြီးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် လေးထပ် ကျောင်းသူ အိပ်ဆောင်၊ ရှစ်ခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက် ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့များက စနစ်တကျ စစ်ဆေးကြပ်မတ်ရန်၊ သက်ဆိုင်ရာ ကုမ္ပဏီများကလည်း လုပ်ငန်းများကို စေတနာထားဆောင်ရွက် သွားကြရန် မှာကြားသည်။

ထို့နောက် ကျောင်းသား ကျောင်း သူများ ကိုဗစ်-၁၉ ကာလအလွန် ပညာသင်ကြားနိုင်ရေး ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ စည်းကမ်းချက်များနှင့်အညီ အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာတို့တွင် Social Distancing နှင့်အညီ ခင်းကျင်းစီမံဆောင်ရွက်ထားမှုများ အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဒုတိယဝန်ကြီးက ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ များကို တွေ့ဆုံမှာကြားရာတွင် ကျောင်းသား ကျောင်းသူ များသည် နယ်စပ်ဒေသအသီးသီးတွင် နေထိုင်သူ များဖြစ်ပြီး အတွေးအခေါ်၊ အယူအဆ၊ ခံယူချက်အမျိုးမျိုးရှိသူများဖြစ်၍ ဆရာ ဆရာမများအနေဖြင့် ပြည်ထောင်စု စိတ်ဓာတ်များ ရှင်သန်ထက်မြက် စေရေး လေ့ကျင့်သင်ကြားပေးရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ၏ လက်ရှိဖြစ်ပွားမှု အခြေအနေအရ ရောဂါကူးစက်နှုန်းမြန်ဆန်ပြီး အတည်ပြုလူနာ များပြားလာသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ရောဂါကြိုတင် ကာကွယ်ရေး ထုတ်ပြန်ချက်များကို တိတိ ကျကျ လိုက်နာသွားရန် လိုအပ်ကြောင်း။

လက်ရှိကျောင်းများ ပိတ်ထားရ သော်လည်း ဆရာ ဆရာမများအနေ ဖြင့် မိမိဘာသာရပ်များကို ပိုမို တိုးတက်စေရန် Online စနစ်ဖြင့် လေ့လာရေး၊ ခေတ်မီသင်ကြားနည်း စနစ်များကိုလေ့လာ၍ ဌာန အတွင်း ပြန်လည်ဆွေးနွေးခြင်းများ‌ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ အမျိုးသား ပညာရေး မူဝါ ဒကော်မရှင်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပါမောက္ခချုပ်များကော်မတီမှ ကြီးမှူးကျင်းပသော အဆင့်မြင့် ပညာကဏ္ဍ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များပညာရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု နှင့် အသိပညာ ပြန့်ပွားရေး Online Zoom Presentation များကိုလည်း တက်ရောက် လေ့လာသင်ယူပြီး သင်ကြားရေးဆိုင်ရာ ဆရာ ဆရာမများ၏ အရည်အသွေးမြှင့်တင်ရေး ဆောင်ရွက်ရန် လိုပါကြောင်း၊ ယခုအချိန်တွင် မိမိတို့ကျောင်း၏ ဥပဓိရုပ် သာယာလှပစေရေး စီမံဆောင်ရွက်ထားကြရန်လိုပါကြောင်း၊ ကိုဗစ်-၁၉ နှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ဖြစ်နိုင်ခြေများကို ကျန်းမာရေးအသိ၊ ပညာရေး၊ လူမှုရေး ရှုထောင့်များဖြင့် ကြိုတင် မျှော်တွေးစဉ်းစားသုံးသပ် ပြင်ဆင် ဆောင်ရွက်ထားကြရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နှစ်ထပ်စားရိပ်သာ၊ စတိုဆောင်၊ ကျောင်းအုပ်ကြီးနေအိမ် စသည့် တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်