ရန်ကုန် ဒီဇင်ဘာ ၂၂
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်သော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) ထုတ်ဝေခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ စာမူရှင်များ၊ သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) ထုတ်ဝေရေး ကော်မတီဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကြော်ငြာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် မဂ္ဂဇင်းများကို ၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ပြီး ယခုထုတ်ဝေသော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) သည် (၂၆) ကြိမ်မြောက် ထုတ်ဝေသော စာအုပ်ဖြစ်ကြောင်းနှင့် အဆိုပါမဂ္ဂဇင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မှုမှတ်တမ်းများနှင့် ဝါရင့်သံတမန်ကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအပြင် ပြင်ပစာမူရှင်များက သံတမန်ရေးရာ၊ နိုင်ငံတကာရေးရာများနှင့် အတွေ့အကြုံဗဟုသုတများကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် သုတ၊ ရသ စုံလင်စွာ ရေးသားဖော်ပြထားရှိကြောင်း သိရသည်။
သတင်းစဉ်