မန္တလေး ဩဂုတ် ၃၁
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်တို့ တက်ရောက်ကြသည်။
အစည်းအဝေးကို အစီအစဉ် (၁၀)ရပ်ဖြင့် ကျင်းပခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၉)ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုအား သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကောမတီ၏ ၂၀၁၆ခုနှစ်မှ ၂၀၂၀ခုနှစ်ထိ (၅)နှစ်သက်တမ်းအတွင်း လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာ ကော်မတီ၏ (၂၅-၃-၂၀၁၆)ရက်နေ့မှ (၂၆-၈-၂၀၂၀)ရက်နေ့ထိ (၅)နှစ်တာ ကာလ အတွင်း လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတို့အား သက်ဆိုင်ရာ ကော်မတီများက ဖတ်ကြားတင်သွင်းရာ လွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၀)ကြိမ်မြောက် အစည်းအဝေး(ဒုတိယနေ့)ကို ၁၁နာရီ ၃၅မိနစ်တွင် ရပ်နား ခဲ့ပြီး အစည်းအဝေး (တတိယနေ့)ကို ၁-၉-၂၀၂၀ရက် အင်္ဂါနေ့ နံနက်၁၀နာရီတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)