မန္တလေး ဒီဇင်ဘာ ၁၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ရှိ ၃၃/၁၁ ကေဗွီ, ၁၀ အမ်ဗွီအေ အောင်ဆန်းဓာတ်အားခွဲရုံကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံ ကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်းစစ်ဆေးဆောင် ရွက်သွားရန် မှာကြားပြီး မီးဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ငွေကောက်ကောင်တာတွင် မီးသုံးစွဲသူပြည်သူများ ဓာတ်အားခ လာရောက်ပေးဆောင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာရုံးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ မီတာများ ပုံမှန်ဖတ်ရှုရေးနှင့် ဓာတ်အားခများ ပုံမှန်ကောက်ခံရရှိရေး အလေးထားဆောင်ရွက်ကြရန်၊ ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝကောက်ခံရရှိရေး ကြပ်မတ် ဆောင်ရွက်သွားရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ ဓာတ်အားပြတ်တောက်မှု နည်းပါးစေရေးအတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ပုံမှန်ရှင်းလင်း ခုတ်ထွင်သွားရန်၊ ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများကို ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ထရန်စဖော်မာများ လောင်ကျွမ်းမှု မဖြစ်ပေါ်စေရေး ဝန်အားပြည့်နေသည့် ထရန်စဖော်မာများကို အချိန်မီအစားထိုးလဲလှယ်တည်ဆောက်သွားရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားကြရန်၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေး၍ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်