နေပြည်တော် ဒီဇင်ဘာ ၁၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးကိစ္စရပ်များကို ကြည့်ရှုသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ပညာကိုကြိုးစားသင်ယူရင်း မိမိအနာဂတ်ဘဝ အောင်မြင်မှုအတွက် အတွေ့အကြုံကောင်းများ၊ အပေါင်းအသင်းကောင်းများ ရှာဖွေရယူကြရန် တိုက်တွန်းပြောကြားပြီး ဘာသာရပ်ဌာနများတွင် ပါမောက္ခများ၊ ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကျောင်းသားများ၏ စဉ်းစားတွေးခေါ်မှုကို အားပေးလေ့ကျင့်ပေးရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး စုဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ သင်တန်းသားများနှင့် တွေ့ဆုံ၍ မျိုးဆက်သစ်လူငယ်များကို ထုဆစ်ပုံဖော်မည့် ဆရာ ဆရာမလောင်း ဗိသုကာများဖြစ်ကြသဖြင့် စံနမူနာပြဖြစ်ရေး၊ ဆင်ခြင်တုံတရားရှိပြီး ဉာဏ်ပညာထက်မြက်အောင် စာများများဖတ်ရှုလေ့လာရေး မှာကြားကာ ဆရာ ဆရာမများ၏ တင်ပြချက်များကို ဆွေးနွေးဖြည့်ဆည်းပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့ လေ့ကျင့်ရေး အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်