Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး လယ်ဝေးမြို့နယ် ဗွက်ကြီးရိုးကုန်ထုတ်လမ်း ကြည့်ရှု

နေပြည်တော် ဒီဇင်ဘာ ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာသို့ သွားရောက်၍ ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား ပေ ၈၄၀ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ပြီးစီးချိန်၌ စစ်တောင်းမြစ်အတွင်းသွားလာနေသော စက်တပ်ရေယာဉ်များ ရေလမ်းအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဖြတ်သန်းသွားလာ အသုံးပြုနိုင်မည်

ယင်းတံတားတည်ဆောက်ရေးလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ချဉ်းကပ်လမ်းကတ္တရာခင်းခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း၊ မြေသားတာပေါင်တင်၍ ကျောက်ရောမြေခင်းကြိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မတ်လတွင် ပြီးစီးရေး ဆောင်ရွက်လျက်ရှိသည်။ အဆိုပါတံတားတည်ဆောက်ပြီးစီးပါက လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် အခြားသောလူမှုရေးကိစ္စများအတွက် ဖြတ်သန်းသွားလာ အသုံးပြုနိုင်မည်ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အိမ်ခြေ ၁၆၀၊ လူဦးရေ ၆၈၅ ဦးရှိ ဗွက်ကြီးရိုးကျေးရွာမှ တောင်သူ ၄၀ စိုက်ပျိုးမြေဧက ၃၀၀ အကျိုးပြုသည့် ကုန်ထုတ်လမ်းပေ ၃၁၀၀ ဖောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ရေကာကျေးရွာအုပ်စု ဗွက်ကြီးရိုး၊ ရေကာ၊ သဖန်းပင်၊ ဘိုကတော်၊ ဇီးဖြူတန်း၊ ရှမ်းရွာခြောက်ရွာတို့မှ တောင်သူများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ကျေးရွာအလိုက် စိုက်ပျိုးရေး သမဝါယမအသင်းများဖွဲ့စည်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပါဝင်စိုက်ပျိုးကြရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်တိုးစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရန်၊ ဆီထွက်သီးနှံ စိုက်ပျိုးရေးကိုလည်း အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ဦးစီးဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများ ရှင်းလင်းပြောကြားပြီး ဒေသခံတောင်သူများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်