Skip to main content

ဒုတိယဝန်ကြီး ဦးအောင်မြိုင် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်(GMS-CBTA)ဆိုင်ရာပူးတွဲကော်မတီ အဋ္ဌမအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၁၂ ရက် မှ ၁၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုက်ကူးမြို့၌ ကျင်းပခဲ့သော မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာပူးတွဲကော်မတီ၏ အဋ္ဌမအကြိမ်မြောက်အစည်းအဝေးနှင့် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီအဆင့်မြင့်အရာရှိကြီးများ အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

အဆိုပါ အစည်းအဝေးများသည် မဟာမဲ‌ခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးဆောင်ရွက်ရာတွင် ပို့ဆောင်မှုလွယ်ကူချောမွေ့စေရေးသည် အဓိကကျသဖြင့် အတားအဆီးများ လျှော့ချနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး မဟာမဲ‌ခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံများမှ ပို့ဆောင်ရေး ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ အဆင့်မြင့်အရာရှိကြီးများ အကြိုညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး မဟာမဲ‌ခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများအကြား လူနှင့်ကုန်စည်များ နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးဆိုင်ရာ သဘောတူစာချုပ်အား အပြည့်အဝအကောင်အထည်ဖော်ခြင်းမပြုမီ ဦးစွာဆောင်ရွက်မည့် နားလည်မှု စာလွှာ(Early Harvest MoU)အား သက်တမ်းတိုးမြှင့်ခြင်း၊ Early Harvest MoU တွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဒီဇင်ဘာ ၁၃ ရက်တွင် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာပူးတွဲကော်မတီ၏ အဋ္ဌမအကြိမ်မြောက်အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများမှ ဒုတိယဝန်ကြီးများက အမှာစကားပြောကြားကြသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံနှင့် နားလည်မှုစာလွှာလက်မှတ်ရေးထိုးနိုင်မှု၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုအပါအဝင် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ထည့်သွင်းပြောကြားသည်။

အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးဆိုင်ရာ သဘောတူစာချုပ်၏ အခြေပြစာချုပ်ငယ်(၁) လမ်းကြောင်းတိုးချဲ့ရေးဆိုင်ရာ နားလည်မှုစာလွှာကို လက်မှတ်ရေးထိုးရန်ကျန်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခြင်း၊ CBTA Work Plan 2024-2028 ကို ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ ပူးတွဲကော်မတီ၏ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးပူးတွဲကြေညာချက် (8th CBTA Joint Committee Statement)ကို ထုတ်ပြန်ခဲ့သည်။

မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က အက္ခရာစဉ်အလိုက်အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံ၊ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်