ရန်ကုန် ဒီဇင်ဘာ ၁၅
မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာကမ္ဘာငြိမ်းချမ်းရေးနေ့ Belt and Road(၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ဆုတောင်းပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်အရှေ့ဘက်ရှိ ရေကြည်တော်ဝတ်အသင်းတန်ဆောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်အားပေးသည်။
အခမ်းအနားတွင် မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူ၊ အပြည်ပြည်ဆိုင်ရာ Belt and Road ဥက္ကဋ္ဌ Mr. Chen Entian ၊ မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး ဦးသန်းထွန်းစိုးတို့က ဆုတောင်းမေတ္တာပို့သစကား ပြောကြားကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီးတစ်သောင်းကို စေတီတော်ရင်ပြင်ပတ်လည်ရှိ ဆီမီးခုံများ၌ ထွန်းညှိပူဇော်ဆက်ကပ်လှူဒါန်းကြပြီး ဆုတောင်းမေတ္တာပို့သကြသည်။
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့(International Day Of the Belt and Road)နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် သက်ဆိုင်သည့်နိုင်ငံများတွင် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ ယနေ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ဆုတောင်းပွဲသည် အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့ Belt and Road (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာတစ်ဝန်း အေးချမ်းသာယာရေးအတွက်လည်းကောင်း ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ အကယ်ဒမီဒါရိုက်တာ ပန်းချီဦးစိုးမိုး၊ မြန်မာနိုင်ငံဗုဒ္ဓကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်

 
 
  
  
  
  
 